လူပေါင်း ၇၆ ယောက်ခန့် သေဆုံးသွားတဲ့ အပူလှိုင်းဖြတ်မှု အပြီးမှာ အိန္ဒိယနိုင်ငံဟာ မိုးနတ်ဘုရားကို ချွေးသိပ်တဲ့ ပွဲတပွဲ ပြုလုပ်ခဲ့ပါတယ်။ ဇွန်လမှာ အိန္ဒိယနိုင်ငံ အပူလှိုင်းဖြတ်မှုဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး အချို့ဒေသတွေမှာ အပူချိန် ပြင်းလွန်းတာကြောင့် သေဆုံးသူ ဦးရေဟာ ခန့်မှန်းချေ ၇၆ ယောက်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
ရာသီဥတု ပြန်လည် ကောင်းမွန်ဖို့အတွက် ရာနဲ့ချီတဲ့ အိန္ဒိယနိုင်ငံသားတွေ စုဝေးပြီး ဖား နှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ မိုးခေါင်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် မိုးနတ်ဘုရားကို ချဉ်းကပ်တဲ့ ဒီရိုးရာပွဲဟာ “Mandooka Parinaya” လို့ အမည်ရပါတယ်။
အိန္ဒိယတိုင်းမ် သတင်းစာရဲ့ အဆိုအရ ဒီပွဲပြုလုပ်ဖို့အတွက် စေတနာရှင် လူငယ်တွေဟာ ဖားတွေကို မြို့ရဲ့ မတူညီတဲ့ နေရာ ၂ နေရာကနေ ရှာဖွေခဲ့ရပြီး Manipal မြို့ရဲ့ သတ္တဗေဒဌာနက သင့်တော်တဲ့ ဖား နှစ်ကောင်ကို လက်ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Varuna နဲ့ Varsha လို့ အမည်ရတဲ့ ဖား ၂ကောင်ဟာ မိုးနတ်ဘုရားရဲ့ နောက်လိုက်တွေ ဖြစ်မယ်လို့ ယုံကြည်ပြီး လက်ထပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တက်ရောက်သူတွေဟာ ဖား နှစ်ကောင်ကို လက်ထပ်ပေးပြီးနောက် သုံးဘီးကားပေါ် တင်ပြီး ဟိုတယ်ကို ပို့ပေးတဲ့အထိ သာမန်ထက်ပိုတဲ့ ပြုစုမှုမျိုးတွေကို ပြုလုပ်ပေးခဲ့ပါတယ်။
တက်ရောက်သူတွေဟာ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဖား နှစ်ကောင်ကတော့ Manipal မြို့ရဲ့ အနီးနားမှာ ရှိတဲ့ Mannapall ရွာကို ပျားရည်ဆမ်းခရီး ထွက်ကြမှာ ဖြစ်ပြီး အားလုံးပြီးသွားရင်တော့ တောထဲကို ပြန်လွှတ်ပေးမယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလို ထူးဆန်းတဲ့ မိုးခေါ်ပွဲပြီးရင်တော့ အပူလှိုင်းဖြတ်တာတွေ ရပ်တန့်သွားဖို့ ဒေသခံတွေက မျှော်လင့်လျက် ရှိနေပါတယ်။
Ref. themindunleashed.com
You May Also Like These Stories:
မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံက ကျေးရွာများ
နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား