အမေရိကန်နိုင်ငံ၊ Kentucky ပြည်နယ်အတွင်းက Versailles ဒေသမှာ ဇူလိုင်လ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီနားမှာရှိတဲ့ အရက်ဂိုထောင်က အရက်တွေဟာ Kentucky မြစ်အတွင်စီးဝင်မှုကြောင့် ထောင်နဲ့ချီတဲ့ ငါးတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Jim Beam အရက်ဂိုထောင်ဟာ ဝီစကီစည်ပေါင်း ၄ သောင်းကျော် ဆန့်တဲ့ ဂိုထောင်ဖြစ်ပြီး ဘောလုံးကွင်း တကွင်းစာလောက် ကြီးမားတဲ့ ဂိုထောင်ဖြစ်ပါတယ်။ ဂိုထောင်မီးလောင်ပြီးနောက် အရက်တွေဟာ မြစ်ထဲကို ၂၃ မိုင်ခန့် စီးဝင်ခဲ့တဲ့ အတွက် အနီးအနားမှာ ရှိတဲ့ ရေနေသတ္တဝါတွေ သေဆုံးခဲ့ရပါတယ်။
ဒီအရက် စီးဆင်းမှုကို မကြာခင်မှာ အိုဟိုင်းယိုမြစ်ထဲ စီးဝင်ဖို့ ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက မျှော်လင့်နေပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ ရေထဲကို ဝင်သွားမှသာ အရက်ရဲ့ အာနိသင် ပျက်ပြယ်မှာ ဖြစ်တဲ့ အတွက် ဒီလို မျှော်လင့်နေကြခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို စီးဝင်သွားရင်တောင်မှ အနီးအနားက ရေနေသတ္တဝါတွေကို ထိခိုက်ဖို့ ရှိနေပါသေးတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ငါးတွေဟာ သေပြီး ရေပေါ်မှာ ပေါ်နေကြောင့်နဲ့ အပုပ်နံ့ကို အဝေးကြီးက ရနေတယ်လို့ ဆိုပါတယ်။ အဲဒီဒေသ အနီးတဝိုက်က ငါးတွေကို စားသုံးမှုရပ်တန့်ခိုင်းထားပြီး ဖမ်းဆီးခွင့်လည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေကတော့ ဂိုထောင်အတွင်းက အရက်တွေ သောက်ရေထဲ စီးမဝင်ဖို့ တားဆီးမှုတွေ ပြုလုပ်နေရ တယ်လို့ ဆိုပါတယ်။ အရက်စီးဝင်ပြီး ဖြစ်တဲ့ မြစ်အတွင်းကိုတော့ အခြား တောရိုင်းတိရစ္ဆာန်တွေ ရေလာ သောက်တာမျိုး မဖြစ်ရအောင် ကာကွယ်မှုတွေကိုလည်း ပြုလုပ်ထားရပါတယ်။
သေဆုံးသွားတဲ့ ငါးပမာဏဟာ ထောင်နဲ့ ချီနေပြီး ဆက်လက် ရေတွက်နေဆဲ ဖြစ်တယ်လို့ ငါးနဲ့ တောရိုင်းတိရစ္ဆာန် အရင်းအမြစ်ဌာနက သူတို့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Ref. themindunleashed.com