ဆူညံသံတွေဟာ လူကိုသာမက သဘာဝ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးလေ့ ရှိပါတယ်။ ကမ္ဘာတဝှမ်းမှာ ဒုက္ခပေးနေတဲ့ ဆူညံသံတွေဟာ အဓိကအားဖြင့်တော့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ စက်ပစ္စည်းတွေကြောင့်ပါ။
သဘာဝပတ်ဝန်းကျင်ကို ကြည့်မယ်ဆိုရင်လည်း သက်ရှိမျိုးစိတ်တွေနဲ့ သက်မဲ့ မျိုးစိတ်တွေပါ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို မြင်နိုင်ပါတယ်။ အဲဒီလိုပျောက်ကွယ်သွားရခြင်း အကြောင်းတွေထဲမှာ ဆူညံသံတွေကြောင့်လည်း ပါပါတယ်။
သမုဒ္ဒရာတွေမှာ မောင်းနှင်နေကြတဲ့ သင်္ဘောသံတွေကြောင့်လည်း အဏ္ဏဝါမျိုးစိတ်တွေ ပျောက်ဆုံး ကုန်ကြပါတယ်။ စစ်တမ်းတခုအရဆိုရင် မော်တော်ကားသံလို အရာမျိုးတွေကြောင့် ဥရောပ နိုင်ငံတွေမှာ နှစ်စဉ်လိုလို လူပေါင်း ၂၁၀,၀၀၀ ခန့်နီးပါး နှလုံးရောဂါ ရနေကြတယ်လို့ သိရပါတယ်။
လန်ဒန် တက္ကသိုလ်တခုက ပါမောက္ခဖြစ်တဲ့ Deepak Prasher ကလည်း ဆူညံသံတွေကြောင့် နှလုံးရောဂါရပြီး သေဆုံးကြရတဲ့ အရေအတွက်က ပိုပိုတိုးလာနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ (World Health Organization) ရဲ့ အဆိုအရ လူတွေနေ့စဉ် ရင်ဆိုင်နေရတဲ့ ဆူညံသံတွေက လူတွေရဲ့ ကျန်းမာရေးသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။
အခုနောက်ပိုင်း ကြုံတွေ့လာရတဲ့ အခြေအနေအရ လူအများစုဟာ အားလပ်ရက် အပန်းဖြေလိုအချိန်မျိုးမှာ ဆူညံသံတွေကို ရင်ဆိုင်နေရပါတယ်။ ဆူညံသံတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာမျိုးတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
လူတွေ ရင်ဆိုင်နေရတဲ့ ကျယ်ကျယ်လောင်လောင် အသံမျိုးတွေက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်သလို တချို့ တိရစ္ဆာန်တွေတော့ ချက်ချင်းကို သေဆုံးစေနိုင်ပါတယ်။ ဆူညံသံတွေနဲ့ တိုက်ရိုက် မထိတွေ့သင့်တာကတော့ ကလေးငယ်တွေပါ။ ကျောင်းနေအရွယ် ကလေးငယ်တွေဆိုရင်လည်း စာသင်ကျောင်းလို နေရာမျိုးတွေမှာတောင် ဆူညံသံတွေကို နေ့စဉ်လိုလို ရင်ဆိုင်နေကြရပါတယ်။
အမေရိကန်လို နိုင်ငံမျိုးမှာ နားမကြားတဲ့ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ဆူညံသံတွေကလည်း အကြောင်းရင်း တချက်အနေနဲ့ ပါဝင်ပါတယ်။ ဆူညံသံတွေကို လျှော့ချနိုင်ဖို့အတွက်ဆိုရင် စာသင်ကျောင်းလို နေရာတွေကနေ ကလေးတွေကို သင်ကြားပေးဖို့ဖြစ်သလို လူတွေရဲ့ အသိအမြင်ကိုလည်း မြှင့်တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
You may also like these stories:
ဆူညံသံတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ
ဥရောပက လျှပ်စစ်ကားတွေမှာ ဆူညံသံတု ထည့်သွင်းရန် အမိန့်ချမှတ်
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ