Area 51 ဆိုတာ အမေရိကန်နိုင်ငံ Las Vegas ကနေ မိုင် ၈၀ ကျော်ဝေးတဲ့ ကန္တာရအတွင်းက အမေရိကန် လျှို့ဝှက် စစ်စခန်းတခု ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံပိုင် လက်နက်တော်တော်များများကို တပ်ဆင်လေ့ရှိတဲ့ အဲဒီစစ်စခန်းကို စတင်ဖွင့်လှစ်ခဲ့တာဟာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်ပြီး ပြည်သူလူထုကို လုံးဝ ဝင်ခွင့်မပေးတဲ့ ဒေသတခု ဖြစ်ပါတယ်။ အဲဒီ စစ်စခန်းမှာ ဂြိုဟ်သားတွေနဲ့ ဆက်သွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပေါ်ထွက်နေပါတယ်။
Area 51 နေရာမှာ ဂြိုဟ်သားတွေ အမှန်တကယ်ပဲ ရှိနေလားဆိုတဲ့ ဖြစ်ရပ်ကို လေ့လာဖို့ ပြင်ဆင်နေသူ ၁ သန်းကျော် ရှိနေပါတယ်။ Facebook စာမျက်နှာပေါ်မှာ “Storm Area 51, They Can’t Stop All of Us” ဆိုတဲ့ Event ကို သွားဖို့ သဘောတူထားသူ ၁ သန်းအထိ ရှိလာတာကြောင့် အမေရိကန်ဒေသတွင်း သတင်းဌာနတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။
အမေရိကန်လေတပ်က တားဆီးပိတ်ပင်နေပေမယ့် Nevada ကန္တာရထဲမှာရှိတဲ့ Area 51 ကို ဝင်ရောက်စီးနင်းဖို့ ပြင်ဆင်နေသူ ၁ သန်းကျော်ရှိပြီး စိတ်ဝင်စားသူ ၈ သိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒီ Event ကို စတင်ပြုလုပ်သူဟာ Meme ပေ့ချ်တခုက ဖြစ်ပြီး အဲဒီ ပေ့ချ်ရဲ့ နာမည်ကတော့ “Shitposting Cause Im in Shambles” ဖြစ်ပါတယ်။
ဒီ ပေ့ချ်ကို ကိုင်တွယ်သူဟာ အရင်ကလည်း ဂိမ်းတွေကို Live လွှင့်လေ့ရှိသူတဦး ဖြစ်ပါတယ်။ သူက “အစီအစဉ်က ဒီလိုပါ။ ကျနော်တို့တွေ Area 51 မှာ ဆုံကြမယ်။ လာတဲ့ သူတွေ အားလုံးစုစည်းပြီး Naruto ပြေးပုံမျိုးနဲ့ ပြေးကြမယ်။ အစောင့်တွေရဲ့ ကျည်ဆန်တွေထက် ပိုပြီး မြန်အောင်ပြေးနိုင်မယ်ဆိုရင် ဂြိုဟ်သားတွေကို တကယ်တွေ့ရမှာ အမှန်ပဲ”လို့ ရေးတင်ထားပါတယ်။
ဒီလို သွားရောက်စီးနင်းမယ့် ကိစ္စဟာ အမှန်တကယ်ဖြစ်ဖို့ မသေချာပေမယ့် လူမှုကွန်ရက် စာမျက်နှာကို သိမ်းပိုက်နိုင်ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် မင်းသားတွေဟာလည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တကယ်သာ ဝင်ရောက်စီးနင်းမယ်ဆိုရင် သူတို့လည်း လိုက်ဖို့ သေချာကြောင်းတွေကို ရေးသားထားတာ တွေ့ရပါတယ်။
Twitter, Facebook နဲ့ Reddit စတဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ Area 51 နဲ့ ပတ်သက်တဲ့ Meme တွေ ရေပန်းစားနေတာတယ်လို့ သိရပါတယ်။
Ref. Cnet.com