ပညာသင်ကြားရေးအတွက် စာသင်ကျောင်းတွေရှိဖို့ လိုအပ်သလို စာသင်ကျောင်းတွေဆီ ဖောက်လုပ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဗီယက်နမ်ကျောင်းသားတွေဟာ သူတို့ရဲ့ စာသင်ကျောင်းတွေဆီ ရောက်ရှိဖို့အတွက် မြစ်ကို ဖြတ်ကူးကြရပြီး မြစ်ကို ဖြတ်ကူးဖို့အတွက် ပလတ်စတစ်အိတ်တွေထဲ ဝင်ရောက်စီးနင်းကာ လိုက်ပါကြရတဲ့ အကြိုအပု့ိ စနစ်အကြောင်းပဲ ဖြစ်ပါတယ်။
ပညာရေးဟာ အရေးကြီးတဲ့အရာတခု ဖြစ်ကြောင်း သိရှိထားတဲ့ ဗီယက်နမ်နိုင်ငံ၊ Dein Bien ပြည်နယ်၊ Huoi Ha ကျေးရွာက ကျောင်းနေအရွယ် ကလေးတွေဟာ သူတို့ရဲ့ ဘဝတွေကို ကိုယ်တိုင် မြှင့်တင်နိုင်ဖို့၊ နေထိုင်ရာ ပတ်ဝန်းကျင် တိုးတက်ဖို့အတွက် စာသင်ချိန်အမီ ကျောင်းကို အရောက်သွားနိုင်ရေးကိုသာ အာရုံ စိုက်ထားကြတာပါ။
ကျောင်းကို အရောက်သွားနိုင်ဖို့ မြစ်ကို ဖြတ်သန်းတဲ့အခါ ကျောင်းသားတွေအနေဲ့ ပလတ်စတစ်အိတ် တလုံးထဲ ဝင်ရောက် လိုက်ပါကြရတာဖြစ်ပြီး ကျောင်းသားတွေ လိုက်ပါလာတဲ့ ပလတ်စတစ်အိတ်ကို မြစ်တလျှောက် ဆွဲခေါ်သွားဖို့ ရေလုပ်သားတွေက ကူညီပေးနေတာ ဖြစ်ပါတယ်။
ကျေးရွာ တော်တော်များများမှာတော့ ဝါးတံတား နဲ့ ဝါးဖောင်တွေကို အသုံးပြုကြတာဖြစ်ပေမယ့် မိုးရာသီနဲ့ မြစ်ရေ မြင့်တက်နေချိန်မှာတော့ ဝါးတံတားတွေရော ဝါးဖောင်တွေပါ အသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။ မြစ်ကို ဖြတ်ကူးဖို့အတွက် နေ့စဉ်ပျမ်းမျှ ကျောင်းသား အယောက် ၅၀ ကို ဖယ်ရီအဖြစ် ရေလုပ်သားတွေက လုပ်ကိုင်ပေးနေရတာဖြစ်ပြီး ရေလုပ်သားတွေနဲ့ အသက် အန္တရာယ်ဟာ ခွဲခြား မရတဲ့ အလုပ်အကိုင်တခုလည်း ဖြစ်ပါတယ်။
ဗီယက်နမ် အခြေစိုက် Vov သတင်းဌာနရဲ့ သတင်းတွေအရတော့ အခုလိုမျိုး ပလတ်စတစ်အိတ်ထဲမှာ လိုက်ပါပြီး ကျောင်းသွားဖို့ကို ကျောင်းသားတွေက ကြောက်ရွံ့ပေမယ့် ကျောင်းကို ရောက်ရှိဖို့ကိုသာ အာရုံစိုက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့အလှည့်ကိုသာ စောင့်ဆိုင်းနေကြရတာပါလို့ ဖော်ပြထားပါတယ်။
အခုလို မြစ်ကိုဖြတ်ကူးခြင်းဟာ အန္တရာယ်များတဲ့ ကိစ္စတခုဖြစ်ပြီး တစုံတခု မှားယွင်းသွားခဲ့မယ် ဆိုရင်တော့ မြစ်ရဲ့ မြန်ဆန်တဲ့ ရေစီးဟာ အဝေးကို သယ်ဆောင်သွားနိုင်ပါတယ်။
Ref. thewildchild.co.za
You May Also Like This Story:
ဗီယက်နမ် စူပါမားကတ်များတွင် ပလတ်စတစ်အိတ်အစား ဖက်ရွက်များဖြင့် ထုပ်ပိုးမှု စတင်