မိတ်ဆွေ အပေါင်းအသင်းနည်းခြင်းဟာ တခြားသူတွေကြောင့် မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ရဲ့ စကားပြောပုံကြောင့်ပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ စိတ်ခံစားချက်တွေ ရှိတာကြောင့် အပေါင်းအသင်း များချင်တယ်ဆိုရင် တချို့ကိစ္စတွေကို ချက်ချင်းပြုပြင်ဖို့ လိုအပ်ပါတယ်။
(၁) စကား ဖြတ်ပြောခြင်း
သူငယ်ချင်းတွေ အုပ်စုလိုက် စကားပြောနေတဲ့ အချိန် ရုတ်တရက် သင့်ခေါင်းထဲမှာ တခုခုပေါ်လာလို့ စကားကို ဖြတ်ပြီး ပြောလိုက်တာဟာ အရမ်းရိုင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ဒီလို စကားဖြတ်ပြောတာဟာ တဖက်သားပြောနေတဲ့ စကားကို စိတ်မဝင်စားရာ ရောက်တဲ့အပြင် စကားပြောနေသူကို မလေးစားရာ ကျပါတယ်။ တဖက်သား ပြောနေတဲ့ စကားက အရေးမကြီးဘူး ဆိုရင်တောင်မှ သူ့စကား ပြီးသွားတဲ့အထိ စောင့်ပြီးမှ ပြောဖို့ အကြံပြုချင်ပါတယ်။
(၂) ရွဲ့လွန်းခြင်း
တကယ်လို့ သင်ဟာ စနောက်တတ်တဲ့ အကျင့်ရှိတာကို တခြားသူက မသိဘူးဆိုရင် စကားပြောရင်း ရွဲ့တာကို ရှောင်ဖို့ လိုအပ်ပါတယ်။ ရွဲ့ပြီး ပြောလိုက်တဲ့ စကားတိုင်ဟာ စကားဝိုင်းကို ရပ်တန့်သွားစေနိုင်လို့ အချိန်၊ နေရာ၊ သင်နဲ့ စကားပြောနေသူရဲ့ အရိပ်အကဲတို့ကို ကြည့်ဖို့ လိုအပ်ပါတယ်။
(၃) ကိုယ့်အကြောင်းပဲ ပြောနေခြင်း
မကြာခဏ ဆိုသလို ကိုယ့်အကြောင်းကိုပဲ ပြောနေခြင်းဟာ အတ္တကြီးပြီး တဖက်သားအပေါ် မစာနာရာရောက်ပါတယ်။ လူတိုင်းရဲ့ စိတ်ခံစားချက်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်လိုပဲ အရေးကြီးတဲ့အပြင် သူတို့ဟာလည်း သင့်လိုပဲ မျှဝေချင်ကြတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ စကားဝိုင်းတိုင်းမှာ မျှချေဆိုတာ လိုအပ်တာကြောင့် သင့်အကြောင်းတွေကို ပြောပြီးရင် သူများပြောတာကိုလည်း ပြန်ပြီး နားထောင်ပေးလိုက်ပါ။
(၄) ဖုန်းသုံးခြင်း
ဖုန်းတွေ ပေါ်လာပြီး နောက်ပိုင်းမှာ လူတွေဟာ လူအချင်းချင်း စိတ်ဝင်စားမှု နည်းပါးလာပါတယ်။ အင်တာနက် လူမှုကွန်ရက်တွေမှာပဲ အချိန်ကုန်ဆုံး နေတတ်ပါတယ်။ အဆိုးဆုံးကတော့ တဖက်က စကားပြောနေတဲ့အချိန် ဖုန်းသုံးတာပဲ ဖြစ်ပါတယ်။ ဖုန်းထဲက အရာတွေဟာ ပျောက်သွားမှာ မဟုတ်လို့ အေးဆေးဖြစ်တဲ့ အချိန်မှ ကြည့်လည်း ကိစ္စ မရှိပါဘူး။ အနားမှာ ရှိတဲ့ သူတွေကိုသာ တန်ဖိုးထားပါ။
(၅) အတင်းပြောခြင်း
အတင်းပြောခြင်းဟာ မိတ်ဆွေပျက်ပြားခြင်းကို ဖြစ်စေနိုင်တဲ့အပြင် သူများတွေရဲ့ အထင်အမြင်သေးခြင်းကိုပါ ခံရနိုင်ပါတယ်။ ဖုန်းနဲ့ ဖြစ်ဖြစ်၊ အင်တာနက်မှာ ဖြစ်ဖြစ်၊ လူချင်းတွေ့ရင်ပဲ ဖြစ်ဖြစ် စကားပြောတဲ့အခါ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါ။ ပြောစရာ မရှိရင် နှုတ်ပိတ်ပြီးသာ နေလိုက်ဖို့ လိုအပ်ပါတယ်။
Ref. rd.com
You may also like these stories:
သူစိမ်းတွေနဲ့ စကားစပြောဖို့ ခက်ခဲသူတွေ လိုက်နာရမယ့် အချက် ၅ ချက်
သင့်ရဲ့ အကျင့်ဆိုးတွေကို ပြင်ဆင်ဖို့ လိုက်နာရမယ့် အရာများ
ဒေါသကြီးတဲ့ စိတ်ကို ဖျောက်ပစ်ဖို့ လိုက်နာရမယ့် နည်းလမ်းများ