Single Dad တယောက်အနေနဲ့ နောက်ထပ် အချစ်သစ်ရှာဖို့ ကြိုးစားတဲ့အခါ ဖိအားတွေ များပါတယ်။ Jeff Saville လို့ အမည်ရတဲ့ ဖခင်တဦးဟာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်ပြီး သူ့မှာ အသက် ၁၄ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ်နဲ့ ၂၂ နှစ်အရွယ် ရှိကြတဲ့ သမီး ၄ ယောက် ရှိပါတယ်။
အမျိုးသမီး တဦးနဲ့ သွားရောက် ချိန်းတွေ့မယ့် ဖခင်ဟာ အသက် ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ သမီးဖြစ်သူ ကာလီကို ဘာဝတ်သွားသင့်လဲ ဆိုပြီး မေးမြန်းခဲ့ပါတယ်။ မှန်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး ကာလီကို ပို့ခဲ့တာဖြစ်ပြီး သမီးဖြစ်တဲ့ ကာလီက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့တာပါ။
“ကာလီက ဖက်ရှင်နဲ့ ပတ်သက်ရင် အမြင်ရှိတယ်ဗျ” လို့ Jeff Saville က BBC နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ သူဟာ ဘယ်အင်္ကျီကို ဝတ်ရမယ်ဆိုတာ မသိတာကြောင့် မှန်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး မေးမြန်းခဲ့ပြီး ဝတ်စုံ ၂ စုံ ဝတ်ပြခဲ့တယ်လို့ သိရပါတယ်။
“ကျနော်နဲ့ ချိန်းတွေ့တဲ့ အမျိုးသမီးက ကျနော့်ကို သဘောမကျဘူး ဆိုတဲ့အကြောင်း စာပို့လာပါတယ်။ မတတ်နိုင်ဘူးလေ။ ဒီလိုပဲ အချစ်အသစ်ကို ရှာရတယ်ဆိုတာ ခက်ခဲပါတယ်။ ကျနော်တို့ အားလုံး တနည်းမဟုတ် တနည်းတော့ ငြင်းပယ်ခြင်းကို ခံရတာပဲ မဟုတ်လား။ ကျနော့်အတွက် စစ်မှန်တဲ့ သူတယောက်တော့ ပေါ်လာမှာပါ”လို့ Jeff Saville က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။
ကာလီက အဖေဖြစ်သူ Jeff Saville မေးမြန်းထားတဲ့ ပုံကို လူမှုကွန်ရက် တင်ပြီး တနာရီလောက်အတွင်းမှာ မျှဝေသူ တသိန်းကျော် ရှိသွားခဲ့ပြီး သန်းနဲ့ ချီတဲ့ မှတ်ချက်တွေကို ရရှိခဲ့ပါတယ်။
Jeff Saville ဟာ ဘယ်ဝတ်စုံကို ဝတ်သင့်လဲဆိုပြီး မေးခဲ့တဲ့ မေးခွန်းကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ သူ့ကို ချစ်ခင်သူတွေ များလာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သမီးဖြစ်သူ ကာလီကတော့ “အဖေက အငြင်းခံရလို့ အတော့်ကို ဝမ်းနည်းသွားတာပါ”ဆိုပြီး စာတင်ခဲ့ပါတယ်။
တွစ်တာ အသုံးပြုတဲ့ အခြား မိန်းကလေးတွေကလည်း သူတို့ ဖခင်တွေဟာ အလားတူ မေးခွန်းမျိုးကို မေးကြောင်း မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ ဝမ်းနည်းနေတဲ့ Jeff Saville ကိုတော့ အားမငယ်ဖို့၊ ပျော်ပျော်နေဖို့ စသဖြင့် အားပေးစကားတွေ ပြောထားကြတာကို တွေ့ရပါတယ်။
Ref. Today.com
You may also like these stories:
အသက် ၅၀ ကျော်မှ မော်ဒယ်အလုပ်ကို စတင်ခဲ့တဲ့ အမျိုးသား
ဇနီးသည်ရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာတွေ ဆုအဖြစ်ပေးတဲ့ “Wife Carrying Championship”
အသက် ၁၀၀ ကျော်အရွယ်မှာ လက်ထပ်လိုက်ကြတဲ့ အဘိုးနဲ့ အဘွား
ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို ၇၅ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့သူ