အနောက်နိုင်ငံတွေမှာ နွေရာသီ ကျောင်းပိတ်ချိန်ကို ရောက်ရင် ကျောင်းသား လူငယ်တွေဟာ အိမ်ရှေ့မှာ ဆိုင်တွေ ခင်းပြီး ဈေးရောင်းလေ့ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Brigham မြို့မှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးဟာ အိမ်ရှေ့မှာ “Ice Cold Beer” ဆိုတဲ့ စာကို စာလုံး အမည်းတွေနဲ့ ရေးပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေက ကလေးတယောက် ဘီယာ ရောင်းနေကြောင်း ရဲဌာနကို အကြောင်းကြားခဲ့တာကြောင့် ဒေသခံ ရဲတွေ ချက်ချင်းရောက်လာပြီး ဖမ်းဆီးဖို့ ပြုလုပ်ခဲ့ပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်ပြီး နောက်မှာတော့ အဲဒီကလေး ရောင်းချနေတာဟာ “Root Beer” လို့ ခေါ်ပြီး အမေရိကန် နိုင်ငံသားတွေ သောက်လေ့ရှိတဲ့ မြစ်ဥဖျော်ရည် ဖြစ်နေခဲ့တယ်လို့ ရဲဌာနရဲ့ Facebook စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ ဒီလို ဟာသလုပ်ပြီး ဈေးရောင်းခဲ့တဲ့ ကလေးကတော့ အသက် ၁၁ နှစ် အရွယ်၊ Seth ဆိုသူဖြစ်ပြီး မျိုးရိုးနာမည်ကိုတော့ မိခင်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ဖော်ပြထားခြင်း မရှိပါဘူး။
“သားရဲ့ အဖေနဲ့ အမေက သားကို အိမ်အပြင် ထွက်စေချင်တယ်လေ။ ဈေးရောင်းဖို့၊ ပိုက်ဆံရှာဖို့ပေါ့။ အဲဒီမှာ အကြံရသွားတာ စတိုးဆိုင်တွေမှာ ဘီယာရောင်းခွင့် ရှိတယ်လေ။ လူတွေကို စချင်လို့ မြစ်ဥဖျော်ရည် (Root Beer) ကို အတိုကောက် ဘီယာလို့ နာမည်ပေးပြီး ရောင်းလိုက်တာ”လို့ Seth က ဒေသခံသတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။
“တချို့တွေက ကျနော် ဈေးရောင်းနေတာကို ရယ်ပြီး ဝယ်သွားတာပဲ။ တချို့ကတော့ တကယ့် အရက်ထင်လို့ ရဲကို ခေါ်လိုက်တာနေမှာ”လို့ သူက ထပ်ပြောပါတယ်။ တိုင်ကြားမှုတွေ များလာတဲ့ နောက်မှာတော့ ရဲဌာနက သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဈေးသည်လေး Seth ကတော့ “Ice Cold Beer” ဆိုတဲ့ စာကို အကြီးကြီး ရေးထားပြီး “Root” ဆိုတဲ့ စာလုံးကို ခပ်သေးသေး ရေးထားတာကြောင့် ချက်ချင်း မမြင်ရတာ ဖြစ်ပါတယ်။ ရဲတွေကတော့ စစ်ဆေးမှုတွေ အပြီးမှာ “တော်တော် ဟာသဉာဏ်ရှိပြီး ထက်မြတ်တဲ့ ကလေး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရဲဌာနရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ကလေးရဲ့ ဓာတ်ပုံနဲ့ အတူ “ဈေးကွက်ကို ချဲ့ထွင်တဲ့ နေရာမှာ တကယ်တော်တဲ့ ကလေး”ဆိုပြီး တင်ထားခဲ့ပြီးတဲ့နောက် လူအများရဲ့ သဘောကျခြင်းကို ခံခဲ့ရတဲ့ အပြင် အမေရိကန်အခြေစိုက် သတင်းဌာနတွေမှာလည်း သူ့အကြောင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
Ref. Yahoo.com