စာရေးသူတို့ နေထိုင်ရာ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ဆိုသလို အညစ်အကြေးတွေနဲ့ ပိုမိုပြည့်လာနေပါ တယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု အန္တရာယ်တွေကို နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရပါတယ်။
Yale တက္ကသိုလ်နဲ့ Columbia တက္ကသိုလ်ကတော့ ကမ္ဘာပေါ်က အသန့်ရှင်းဆုံး နိုင်ငံတွေရဲ့စာရင်းကို စစ်တမ်းကောက်ယူပြီး အခုလိုပဲ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ကောက်ယူထားတဲ့ စစ်တမ်းအရ ဒီနိုင်ငံတွေဟာ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု အနည်းဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံဟာ လူတွေ နေထိုင်ဖို့ အသင့်တော်ဆုံး နိုင်ငံတနိုင်ငံပါ။ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဖင်လန်နိုင်ငံဟာ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု အနည်းဆုံး နိုင်ငံလို့ သိရပါတယ်။ ဖင်လန်နိုင်ငံသားတွေရဲ့ ကျန်းမာရေး ကောင်းမွန်မှုဟာ ကမ္ဘာမှာ အဆင့် ၄ နေရာက ရှိပြီး ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှု နေရာမှာဆိုရင်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
(၂) အိုက်စလန်နိုင်ငံ
အိုက်စလန်နိုင်ငံဟာလည်း လေထုညစ်ညမ်းမှု အလျော့နည်းဆုံး နိုင်ငံထဲမှာ ပါဝင်ပါတယ်။ အိုက်စလန်နိုင်ငံဟာ လေထုညစ်ညမ်းမှု အနည်းဆုံး ဖြစ်ရတဲ့အကြောင်းကတော့ လူစည်ကားရာ နေရာတွေမှာ ဆေးလိပ် သောက်သုံးခွင့် မပြုတာပါပဲ။ အိုက်စလန်နိုင်ငံရဲ့ အစိုးရကလည်း ၂၀၀၇ ခုနှစ်ကတည်းက ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အိုက်စလန်နိုင်ငံသား အများစုဟာ လမ်းသွားရင်း ဆေးလိပ်သောက်တဲ့ အပြုအမူမျိုးကို ပြုလုပ်လေ့ မရှိကြပါဘူး။
(၃) ဆွီဒင်နိုင်ငံ
စစ်တမ်းတွေအရ ဆွီဒင်နိုင်ငံသားတွေရဲ့ ကျန်းမာရေး ကောင်းမွန်မှုဟာ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရှိပါတယ်။ ဆွီဒင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင်လို့ကောင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ရတဲ့အကြောင်းရင်းကတော့ လမ်းအများစုမှာ အမှိုက်သရိုက် ကင်းမဲ့နေတာကြောင့်ပါ။ ဆွီဒင်နိုင်ငံက နေရာအများစုဟာ ဆိုရင် အဆောက်အဦတွေမှာ သန့်သန့်ရှင်းရှင်း ရှိနေပြီး လေထုညစ်ညမ်းမှုလည်း နည်းပါးတာကို တွေ့ရပါလိမ့်မယ်။
(၄) ဒိန်းမတ်နိုင်ငံ
နော်ဒစ်နိုင်ငံတွေထဲမှာ ဒိန်းမတ်နိုင်ငံဟာ စတုတ္ထမြောက် အသန့်ရှင်းဆုံး နိုင်ငံပါ။ ဒိန်းမတ် နိုင်ငံသားတွေရဲ့ ကျန်းမာရေးကလည်း ကမ္ဘာမှာ ၁၄ နိုင်ငံမြောက် အကောင်းဆုံး နိုင်ငံအနေနဲ့ တည်ရှိနေသလို ရေသန့်ရှင်းမှုကလည်း ၁၂ နိုင်ငံမြောက် အကောင်းဆုံး နိုင်ငံအဖြစ် တည်ရှိနေပါတယ်။
(၅) ဆလိုဗေးနီးယားနိုင်ငံ
ဥရောပ အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ တည်ရှိတဲ့ ဆလိုဗေးနီးယားနိုင်ငံဟာလည်း ကမ္ဘာ့ အသန့်ရှင်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဆလိုဗေးနီးယားနိုင်ငံဟာ အယ်လ်ပ်တောင်တန်းနဲ့ ထိစပ်နေသလို မြေထဲပင်လယ်နဲ့လည်း ထိစပ်နေပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ အကြိုက်တွေ့တဲ့ အချက်ကတော့ ဆလိုဗေးနီးယားနိုင်ငံရဲ့ သန့်ရှင်းနေတဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်ရတာပါ။
၂၀၁၀ ခုနှစ်မှာ စေတနာ့ဝန်ထမ်းပေါင်း ၂ သိန်းကျော်ဟာ စွန့်ပစ်အမှိုက်တန်ချိန် ၁၂,၀၀၀ ကို ဆလိုဗေးနီးယားနိုင်ငံမှာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဇီဝမျိုးကွဲပေါင်း များစွာနဲ့ သစ်တောသစ်ပင် ထိန်းသိမ်းနိုင်မှု စာရင်းမှာ ဆိုရင်လည်း ဆလိုဗေးနီးယားနိုင်ငံက အဆင့် ၁၅ နေရာမှာ တည်ရှိနေပါတယ်။
Ref. improb.com
You May Also Like These Stories:
ကမ္ဘာပေါ်က အသန့်ရှင်းဆုံး မြစ်များအကြောင်း
ကမ္ဘာတဝှမ်းက ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနိုင်ငံများ