Trend

ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများအား ဓာတုဗေဒနည်းနဲ့ သင်းကွပ်မယ့် ယူကရိန်းနိုင်ငံ

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို ဓာတုဗေဒ နည်းလမ်းနဲ့ သင်းကွပ်ပစ်မယ့် ဥပဒေသစ်ကို ယူကရိန်းနိုင်ငံမှာ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်ကျူးလွန်တဲ့ တရားခံမှန်သမျှကို ဓာတုဗေဒ ထိုးဆေးတမျိုး ခန္ဓာကိုယ်တွင်း ထိုးသွင်းကာ သင်းကွပ်စေမှာဖြစ်ပြီး Anti-androgen Drugs လို့ခေါ်တဲ့ ဒီဓာတုဗေဒ ထိုးဆေးဟာဆိုရင် ယောကျ်ားလိင်အင်္ဂါက ထွက်တဲ့ ဟော်မုန်းတွေကို လျော့ကျစေမှာဖြစ်ပြီး လိင်စိတ်ဆန္ဒတွေကိုလည်း တဖြည်းဖြည်း နည်းပါးလာစေမှာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဥပဒေသစ်အရ ကလေးသူငယ်တွေအပေါ် အသက် ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အတွင်းရှိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတွေနဲ့ သက်ငယ်မုဒိမ်း တရားခံမှန်သမျှကို ထိထိရောက်ရောက် အရေးယူသွားမယ့်အပြင် ဓာတုဗေဒနည်းလမ်းနဲ့လည်း သင်းကွပ်သွားမှာပါ။

ဒီလို ဥပဒေသစ်မျိုး ချမှတ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ ၂၀၁၇ ခုနှစ် တနှစ်တည်းမှာကိုပဲ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှုပေါင်း ၃၂၀ အထိ ရှိနေခဲ့တာကြောင့်ဖြစ်ပြီး ဒါဟာ တရားရုံး မှတ်တမ်းတွေအရသာ ရှိနေတာပါ။

စစ်တမ်းတွေအရဆိုရင် လာရောက် မတိုင်တန်းခဲ့တဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ပြစ်မှုပေါင်းဟာ ထောင်နဲ့ချီပြီး ရှိနေခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံရဲ့ ပြည်နယ်လေးခုမှာ ကလေးငယ် ၅ ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခံနေရတာလည်း ဖြစ်တယ်လို့ ရဲမှူး  Vyacheslav Abroskin က ဆိုပါတယ်။

သိပ်မကြာသေးခင်ကာလက ယူကရိန်းနိုင်ငံ Odessa မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တခုမှာဆိုရင် Daria Lukyanenko လို့ခေါ်တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးဟာ အိမ်နီးနားချင်းမိတ်ဆွေဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသားတဦးရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့်ပဲ ယူကရိန်းပါလီမန်မှာ အခုချမှတ်လိုက်တဲ့ ဥပဒေသစ်ကို လျင်လျင်မြန်မြန် အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး ဒီဥပဒေသစ်ကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ တရားခံတွေဟာ ဓာတုဗေဒနည်းနဲ့ သင်းကွပ်ခံရမယ့်အပြင် ထပ်မံတိုးမြှင့်ထားတဲ့ ထောင်ဒဏ်ကိုလည်း ကျခံကြရမှာ ဖြစ်ပါတယ်။

Ref. www.ladbible.com

You may also like these stories:

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုတာ

ထိပါး၊ စော်ကား၊ နှောင့်ယှက်မှု ဆိုတာ လက်ခံနိုင်စရာလား

လုပ်ငန်းခွင်များတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း

Loading