သိပ္ပံဆိုင်ရာ တီထွင်မှုတွေနဲ့ နာမည်ကျော်တဲ့ သူဌေး အီလွန်မာ့စ် (Elon Musk) ဟာ ဦးနှောက်နဲ့ ကွန်ပျုတာကို ချိတ်ဆက်နိုင်မယ့် နည်းပညာတခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
လူသားရဲ့ ဦးနှောက်နဲ့ ကွန်ပျုတာကို ချိတ်ဆက်ပေးမယ့် နျူရယ်လင့်ခ်(Neuralink) လို့ အမည်ရတဲ့ သိပ္ပံဆေးသုသေသန ကုမ္ပဏီတခုကို တည်ထောင်ထားပြီး ဒီကုမ္ပဏီဟာ လူသားတွေရဲ့ ဦးနှောက်စွမ်းရည်ကို နည်းပညာရဲ့ အကူအညီနဲ့ မြင့်တင်သွားမှာ ဖြစ်တယ်လို့ အီလွန်မာ့စ်နဲ့ နျူရယ်လင့်ခ်က တာဝန်ရှိတဲ့ သိပ္ပံပညာရှင်တွေဟာ Califonia Academy Of Sciences မှာ ပြောကြားခဲ့ပါတယ်။
အခုလို ပြုလုပ်ဖို့ အတွက် ကြိုးပမ်းနေတာ ကြာပြီဖြစ်ကြောင်းနဲ့ အနည်းငယ် အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ကြောင်း ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။ ဒီလို လေ့လာမှုတွေ အတွက် အီလွန်မာ့စ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားပြီး လာမယ့် နှစ် အနည်းငယ်မှာ အောင်မြင်မှုရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ လူငယ် နည်းပညာရှင် အီလွန်မာ့စ်ရဲ့ ပြောစကားတွေ အရ အခုလို ပြုလုပ်နိုင်ဖို့ အတွက် နျူရယ်လင့်ခ် အနေနဲ့ ကွေးညွတ်နိုင်တဲ့ အီလက်ထရုဒ် (Electrodes) များကို တီထွင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး အဲဒီ အီလက်ထရုဒ်တွေကို ဦးနှောက်ထဲ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ အီလက်ထရုဒ်တွေ ဦးခေါင်းထဲ ထည့်သွင်းဖို့ ဆိုရင် ဦးခေါင်းတွင်းမှာ လေဆာနဲ့ သေးငယ်တဲ့ အပေါက်ကို ဖောက်ပြီး ထည့်သွင်းရမှာ ဖြစ်ပါတယ်။ “ဒီ အပြားလေးကို ထည့်သွင်းပြီးသွားရင်လည်း ဘာမှ ပိုပြီး ထူးခြားတဲ့ ခံစားမှုမျိုးကို ရမှာ မဟုတ်ပါဘူး။ အဖွင့်အပိတ် ခလုတ်ရှိတဲ့ အတွက် သာမန်လူတွေလိုပဲ နေထိုင်သွားနိုင်မှာပါ” လို့ နျူရယ်လင့်ခ့်ရဲ့ တည်ထောင်သူ Max Hodak က ပြောပါတယ်။
လက်ရှိမှာတော့ နျူရယ်လင့်ခ်ဟာ အီလက်ထရုဒ်တွေကို ဦးနှောက်ထဲက အကြောတခုစီမှာ တိကျစွာနေရာချနိုင်ဖို့ သေးငယ်တဲ့ အပ်ကလေးတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝန်ထမ်းအင်အား ၁၀၀ ကျော် ရှိနေပြီ ဖြစ်တဲ့ ဒီ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာရှင်များကို ကုသပေးဖို့ ဒီနည်းပညာတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ နောင်အနာဂတ်မှာတော့ ထူးခြားစွမ်းရည်ရှိသူ လူသား ဦးနှောက်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အီလွန်မာ့စ်က ဆိုပါတယ်။
Ref. BBC, New York Times
You may also like these stories:
လကမ္ဘာကို အလည်သွားမယ့် ပထမဆုံးခရီးသည် ဖြစ်လာတဲ့ ဂျပန်လူမျိုး ဘီလျံနာ
လကမ္ဘာကို အလည်အပတ်သွားနိုင်တဲ့ ပထမဆုံး အရပ်သားခရီးသည်ကို SpaceX ကြေညာမည်
မောင်းသူမဲ့ကား Titan Project အတွက် Doug Field ကို Apple ကပြန်ခေါ်