၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ နော့ဖော့် စီရင်စုမှာ ရှိတဲ့ ကွန်ဂ်ဟမ် ကျေးရွာမှာ ကမ္ဘာ့ချန်ပီယံရှစ် ခရုအပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ ယှဉ်ပြိုင်တဲ့ ခရုပေါင်း ၂၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲဟာ ၁၉၆၀ ခုနှစ်လောက်ကတည်းက ဖြစ်တည်ခဲ့တဲ့ ကစားပွဲတခုဖြစ်ပြီး စားပွဲဝိုင်းပေါ်မှာ အဝတ်အစိုကို ဖြန့်ခင်းကာ ပြိုင်စေတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အဝတ်အစိုပေါ်မှာ စက်ဝိုင်း ၃ ခု ဆွဲထားပြီး အလည်မှာ ရှိတဲ့ အနီရောင် စက်ဝိုင်းကတော့ စမှတ်ဖြစ်ပါတယ်။ ခရုတွေဟာ စက်ဝိုင်တွေကို ပတ်သွားရတာဖြစ်ပြီး အပြင်ဘက်ဆုံး စက်ဝိုင်းကို ရောက်တဲ့ ခရုကို အနိုင်ရတဲ့ ခရုအဖြစ် သတ်မှတ်ပါတယ်။
လာရောက် ယှဉ်ပြိုင်သူတွေ အနေနဲ့ ကိုယ်ပိုင် ခရုကို ယူလာခွင့်ရှိသလို ပွဲစီစဉ်သူထံ တောင်းယူပြီး ဝင်ရောက် ယှဉ်ပြိုင်လို့လည်း ရပါတယ်။ ပြိုင်ပွဲကို မွန်းလွဲပိုင်း တလျှောက်လုံး ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲတွေမှာ အဆင့်ဆင့် အနိုင်ရလာတဲ့ ခရုတွေက ဗိုလ်လုပွဲကို တက်ရတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ ပြိုင်ပွဲမှာတော့ လင်ကွန်းရှိုင်းယားဒေသက အင်္ဂလိပ်စာ ဆရာမ တဦးဖြစ်တဲ့ Maria Welby ရွေးချယ်ခဲ့တဲ့ ဆမ်မီဆိုတဲ့ ခရုက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က အာချီဆိုတဲ့ ခရုလေးဟာ စက်ဝိုင်းအားလုံးကို ဖြတ်သန်းချိန် ၂ မိနစ် ၃၃ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်တင်ခဲ့ပြီး အခုအနိုင်ရရှိခဲ့တဲ့ ဆမ်မီကတော့ ၂ မိနစ် ၁၈ စက္ကန့်နဲ့ စံချိန်ချိုးခဲ့တာဖြစ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန် အသစ် ချိုးခဲ့နိုင်ပြီ ဖြစ်ပါတယ်။
ပိုင်ရှင်ဖြစ်သူ ဆရာမကတော့ “ကျမ အနေနဲ့ကတော့ ပျော်တာပေါ့။ အိမ်က ထွက်လာတုန်းက ကျမက သာမန် အမျိုးသမီး တယောက်ပဲလေ အခုတော့ ကမ္ဘာ့ ချန်ပီယံရဲ့ ပိုင်ရှင်ဖြစ်နေပြီ”လို့ ခရုပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်ကို ဖြေကြားခဲ့ပါတယ်။
ခရုလေ့ကျင့်သူ Neil Riseborough ကတော့ “ပျော်စရာ နေ့တနေ့ပါပဲ။ ပြိုင်ဆိုင်မှုတွေကလည်း အံ့သြဖို့ ကောင်းပါတယ်။ ဒီဆယ်စုနှစ်ထဲ အကောင်းဆုံးလို့တောင် ပြောလို့ရတယ်။ ကျနော် တချိန်လုံး စိတ်လှုပ်ရှားနေခဲ့တာ”လို့ ဆိုပါတယ်။
ပြိုင်ပွဲကို ခရုပေါင်း ၂၁၅ ကောင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကိုတော့ ၁၃ကောင် ရောက်ခဲ့ပါတယ်။ ဒီခရုပြိုင်ပွဲဟာ ဒေသဆိုင်ရာပျော်ပွဲ ရွှင်ပွဲတခုဖြစ်ပြီး ပြိုင်ပွဲဝင် ခရုတကောင်အတွက် အမေရိကန်ဒေါ်လာ ၂၅ ဆင့် ပေးရပြီး ရလာတဲ့ ပိုက်ဆံအားလုံးကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေကို ပြန်လည် လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. channelnewsasia.com
You may also like these stories:
ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ “Scamp The Tramp” လို့ အမည်ရတဲ့ ခွေးလေး အနိုင်ရရှိ
အိမ်မွေး တိရစ္ဆာန်တွေကို Game Of Throne ဇာတ်ကောင်လို ဝတ်ဆင်ပေးမှုများ ခေတ်စား
စပိန် နွားရိုင်းပြိုင်ပွဲရဲ့ ပထမနေ့မှာ သွေးထွက်သံယို ဒဏ်ရာရသူ ၃ ယောက်ထက် မနည်းရှိနေ