Fortnite ဂိမ်းဖန်တီးသူ Tim Sweeney ဟာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ သစ်တောဧကပေါင်း ၄ သောင်းခန့်ကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ Sweeney ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဟာ ဒစ်ဂျစ်တယ် ကမ္ဘာထဲမှာပဲ ကျင်လည်နေရတာ မှန်ပေမယ့် သူ့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်နဲ့ နောင်မျိုးဆက်တွေအတွက် ရည်ရွယ်ပြီး အခုလို သစ်တော ဧကပေါင်းများစွာကို ဝယ်ယူခဲ့တာပါ။
၁၉၉၀ ပြည့်နှစ်ကတည်းက ဗီဒီယိုဂိမ်းလောကမှာ ကျင်လည်ခဲ့တဲ့ Sweeney ရဲ့ အကျော်ကြားဆုံး ဗီဒီယိုဂိမ်း တွေကတော့ “Unreal Tournament” ၊ “Gears of War” နဲ့ အခုလတ်တလော ပေါ်ပြူလာဖြစ်နေတဲ့ “Fortnite ဗီဒီယိုဂိမ်း” တို့ပဲ ဖြစ်ပါတယ်။
Fortnite ဂိမ်းရဲ့ အောင်မြင်မှုဟာ တဖြည်းဖြည်း မြင့်မားလာတာနဲ့အမျှ Sweeney ရဲ့ ပိုင်ဆိုင်မှုဟာလည်း များပြားလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက သူ့ရဲ့ မွေးရပ်မြေ မြောက်ကယ်ရိုလိုင်းနားမှာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ သစ်တောဧကတွေကို စတင် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Sweeney ဟာ လက်ရှိမှာတော့ သစ်တောဧက ပိုင်ဆိုင်မှုအများဆုံး လူတွေထဲက တဦးအပါအဝင် ဖြစ်တဲ့အပြင် သစ်တောတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးနေတဲ့ ပရောဂျက်နဲ့ အဖွဲ့အစည်းတွေကို ကူညီပေးနေပြီး၊ Mount Mitchell ဥယျာဉ်တိုးချဲ့ရာမှာလည်း ငွေကြေးထောက်ပံ့ပေးလျက်ရှိတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာလည်း Blue Ridge တောင်ခြေမှာ တည်ရှိတဲ့ ဧက ၇,၀၀၀ ကျယ်ဝန်းတဲ့ Box Creek ဘေးမဲ့တောကို ဒေါ်လာ ၁၅ သန်း လှူဒါန်းခဲ့ပါတယ်။
Sweeney ဟာ သူဝယ်ယူခဲ့တဲ့ သစ်တောမြေမှာ ရှားပါး အပင်မျိုးစိတ်တွေနဲ့ လူကို အန္တရာယ် မပြုနိုင်တဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေကိုပါ ထည့်သွင်းခဲ့ပါတယ်။ ဒီလို သစ်တောမြေ ဧကပေါင်းများစွာကို ဝယ်ယူခဲ့ရခြင်းနဲ့ ပတ်သက်ပြီး Sweeney က “တနှစ်ထက် တနှစ် ပြုန်းတီးလာတဲ့ သစ်တောတွေနဲ့ တောမီးလောင်ခြင်းကြောင့် လျော့နည်းလာတဲ့ သစ်ပင်တွေ ဆုံးရှုံးမှုကို ကာမိစေဖို့ ဝယ်ယူခဲ့တာပါ”
“မြောက်ကယ်ရိုးလိုင်းနားမှာ ဝယ်ယူလိုက်တဲ့ သစ်တောမြေ ဧကတွေဟာ ကျနော့်အတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ နောက်ထပ် ဝယ်ယူမှုတွေကို လုပ်သွားဦးမှာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
Ref. themindunleashed.com
You may also like these stories:
ဂျော်ဒန်နိုင်ငံမှာ PUBG ဂိမ်းကစားခွင့် ပိတ်ပင်
ဂိမ်းလစဉ်ကြေး ဝန်ဆောင်မှုကို မိတ်ဆက်တော့မယ့် Apple
PUBG မိုဘိုင်းဂိမ်း ကစားသူ ၁၆ ဦးကို အိန္ဒိယတွင် ဖမ်းဆီး
Fortnite ဂိမ်းကြောင့် အိမ်ထောင်ကွဲမှုပေါင်း ရာချီ ရှိလာ
ဝင်ငွေ ဖြတ်တောက်မှုကြောင့် Fortnite ဂိမ်းကို Google Play Store မှာ မရနိုင်တော့