မြန်မာနိုင်ငံရဲ့ နာမည်ကြီး KBZ ဘဏ်လီမိတက် သူဌေးကြီး ဦးအောင်ကိုဝင်းရဲ့ သမီး ၃ ဦးထဲက တဦးဖြစ်တဲ့ ဒေါ်နန်းလိုင်ခမ်းဟာ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM)၊ Myanmar Airways International (MAI)၊ Air KBZ ၊ Kempinski Hotel– Nay Pyi Taw တို့ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး KBZ ဘဏ်ရဲ့ Deputy CEO (ဒုတိယ အမှုဆောင် အရာရှိချုပ်) လည်း ဖြစ်ပါတယ်။
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကဏ္ဍ ဦးဆောင်မှုရဲ့ ထွန်းသစ်စ မျက်နှာသစ် ခေါင်းဆောင်များအနက် တဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ဒေါ်နန်းလိုင်ခမ်းရဲ့ အကြောင်းတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၅ ချက်ကို ဖော်ပြပေးချင်ပါတယ်။
(၁) အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းကို ပူးတွဲ တည်ထောင်သူ
အသက် ၃၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဒေါ်နန်းလိုင်ခမ်းဟာ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်း (Brighter Future Myanmar Foundation) ရဲ့ ဥက္ကဋ္ဌတဦးဖြစ်သလို ပူးတွဲ တည်ထောင်သူလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အနှံ့ ရေကြီးမှုများမှာ ထိရောက်တဲ့ ကူညီမှုများစွာ ပေးခဲ့တာကြောင့် တနိုင်ငံလုံးရဲ့ အသိအမှတ်ပြုမှုနဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။
အဆိုပါ ပရဟိတအဖွဲ့ဟာ ၂၀ဝ၈ ခုနှစ်ကစပြီး ရှမ်းပြည်နယ် မိုးခေါင်ရေရှားဒေသများမှာ “ရေတွင်း တူးခြင်း”၊ “သဘာဝ ဘေးအန္တရာယ် လျှော့ချရေး”၊ “အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုရရေး”၊ “ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး”တို့ လုပ်ဆောင်လျက် ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒေါ်နန်းလိုင်ခမ်းကို လူမှုအဖွဲ့အစည်း တိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က “The State Excellence Award” ကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ ဒေါ်နန်းလိုင်ခမ်းဟာ သူ ဦးဆောင်တဲ့ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) ကနေ ပဋိပက္ခဒဏ် ခံစားခံရတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်းပေါင်း ၆၅,၁၆၀ ကို ဒေါ်အောင်ဆန်းစုကြည်အား လှူဒါန်းခဲ့ပြီး အဲဒီတုန်းက ဒေါ်နန်းလိုင်ခမ်းရဲ့ ဂုဏ်ပကာသန ကင်းစင်တဲ့ ဝတ်စား ဆင်ယင်မှုကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ လူအများရဲ့ ချီးကျူးမှုကိုလည်း ခံခဲ့ရပါတယ်။
(၂) International Leaders Programme ကို မြန်မာကိုယ်စားပြု အနေနဲ့ တက်ရောက်ခဲ့
ဒေါ်နန်းလိုင်ခမ်းဟာ ၂၀၁၄ ခုနှစ်၊ မတ်လမှ ဧပြီလအတွင်းမှာလည်း အမေရိကန်ပြည်ထောင်စု၊ Washington DC မှာ ပြုလုပ်ခဲ့တဲ့ Fortune/US State Department Global Women’s Mentoring Program ကို Walmart CEO Rosalind Brewer ရဲ့ Mentee အနေနဲ့ တက်ရောက်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ဗြိတိန်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့အတူ ဒေါ်နန်းလိုင်ခမ်းဟာ International Leaders Programme ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ဟာ ဗြိတိန်နိုင်ငံ အစိုးရ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယ နိုင်ငံများရုံးရဲ့ ထင်ရှားတဲ့ အစီအစဉ်တခုဖြစ်ပြီး ကမ္ဘာတဝန်းမှ အနာဂတ် ခေါင်းဆောင်များကို ရွေးချယ် ဖိတ်ကြားတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
(၃) Forbes မဂ္ဂဇင်းရဲ့ အာရှ ထူးချွန်လူငယ် အမျိုးသမီးများ စာရင်းမှာ ပါဝင်
ဒေါ်နန်းလိုင်ခမ်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်စားလှယ်အဖြစ် ကမ္ဘာတဝန်းမှ ကိုယ်စားလှယ် ၁၂ ဦးနဲ့ အတူ International Leaders Programme သို့ တက်ရောက်ခဲ့ပြီး နောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ သူဟာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ စောင့်ကြည့်ခြင်းကို ခံရတဲ့၊ အာရှတိုက်ရဲ့ ထူးချွန်လူငယ် အမျိုးသမီးများ ၁၂ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဒေါ်နန်းလိုင်ခမ်းဟာ ပြည်တွင်းမှာ ဆိုရင်လည်း ၂၀၁၅ ခုနှစ်မှာ “နိုင်ငံ့စွမ်းဆောင်ရည်ဆု” နဲ့ “အမျိုးသမီး ထူးချွန်စီးပွားရေး လုပ်ငန်းရှင်” ဆု၊ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရဲ့ “ထူးချွန် အမျိုးသမီးဂုဏ်ပြုဆု” နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ “မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု စွမ်းဆောင်ရည်ဆု”၊ ၂၀၁၇ ခုနှစ် လူမှုထူးချွန်ဆု- ပထမဆင့်တို့ ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
(၄) The Asia Banker က ပေးတဲ့ “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု” ချီးမြှင့်ခံရ
၂၀၁၇ ခုနှစ်မှာ ဒေါ်နန်းလိုင်ခမ်းဟာ စင်ကာပူနိုင်ငံအခြေစိုက်၊ The Asia Banker ရဲ့ ၂၀၁၇ ခုနှစ် “The Promising Young Banker” (အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု) ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ကမ္ဘောဇဘဏ်ဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတော်အပေါ် ထိပ်ဆုံး အခွန်အများဆုံး ပေးဆောင်သူ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းဟာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အထိ ၆ နှစ် ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ဂျိမ်းဖောအောင် ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နန်းလိုင်ခမ်းဟာ ဖခင်ဖြစ်သူ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနဲ့ အတူ နိုင်ငံတော်ရဲ့ ဂုဏ်ပြုချီးမြှင့်မှုကို လက်ခံ ရရှိခဲ့ပါတယ်။
ဒေါ်နန်းလိုင်ခမ်းဟာ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူမှုကို မြှင့်တင်သူ ဖြစ်ပြီး ကမ္ဘောဇဘဏ် စတင် တည်ထောင်ချိန်မှ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဘဏ်ဝန်ထမ်း အလုပ်ခေါ် ကြော်ငြာစာများမှာ လိင်၊ အသက်၊ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်များကို ဖြုတ်ချခဲ့ပါတယ်။ လက်ရှိမှာလည်း ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲပေါင်း ၄၆၀ ကျော် ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၁၈,၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ဘဏ်လုပ်ငန်းကြီးလည်း ဖြစ်ပါတယ်။
(၅) အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းအနေနဲ့ တနိုင်ငံလုံး လှူဒါန်းမှုများ ပြုလုပ်နေ
လက်ရှိမှာလည်း ဒေါ်နန်းလိုင်ခမ်း ဦးဆောင်တဲ့ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်း (Brighter Future Myanmar Foundation) ဟာ မြန်မာနိုင်ငံအနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေပြီး မြန်မာနိုင်ငံက ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် နေရာချထားရေး လုပ်ငန်းစဉ်တွေမှာလည်း ကျပ် သန်းပေါင်းများစွာ လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်နန်းလိုင်ခမ်းဟာ ၂၀၁၆ ခုနှစ်မှာ ဧရာဝတီ သတင်းဌာနက နှစ်စဉ် ရေးသား ဖော်ပြလေ့ ရှိတဲ့ “People of the Year (2016)” မှာလည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကဏ္ဍ ဦးဆောင်မှုရဲ့ ထွန်းသစ်စ မျက်နှာသစ် ခေါင်းဆောင်း တဦးအနေနဲ့ ဖော်ပြခြင်း ခံခဲ့ရသလို အဲဒီနှစ်မှာပဲ ဧရာဝတီ သတင်းဌာန၊ အမျိုးသမီးကဏ္ဍရဲ့ “လေးစားအားကျဖွယ် ထက်မြက်သော အမျိုးသမီးများ” ဆောင်းပါးမှာလည်း ရေးသား ဖော်ပြခြင်း ခံခဲ့ရပါတယ်။
You may also like these stories:
“Bank of the Year Awards ” ဆု KBZ ဘဏ် ၆နှစ်ဆက်တိုက်ရရှိ