လပေါ်မှာ လူတွေ စတင်ပြီး ခြေချနိုင်ခဲ့တာ နှစ်ပေါင်း ၅၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင်တဦးဖြစ်တဲ့ ဦးပဒေသာတင် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒေါက်တာ ပဒေသာတင်ဟာ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒ အထူးပြု M.Sc ဘွဲ့၊ အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ် Western Illinois University မှ MS ဘွဲ့၊ University of Missouri မှ ရူပဗေဒအထူးပြု Ph.D ဘွဲ့တို့ကို ရရှိထားသူ ဖြစ်ပြီး နာဆာရဲ့ မြေပြင်ထိန်းချုပ်ရေး ဌာနမှာ Liquid Crystal Facility နဲ့ ပတ်သက်ပြီး သုသေသန ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဦးပဒေသာတင်ဟာ အမေရိကန်အမျိုးသား လေကြောင်းနဲ့ အာကာသသုသေသန ဌာနရဲ့ ဂလန်း (Glenn) သုသေသနဌာနမှာ တာဝန်ထမ်းဆောင်နေသူ တဦးပါ။ သူဟာ ယခင်က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒကို သင်ကြားပြသတဲ့ ဆရာတဦး ဖြစ်ပြီး ယခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်မှာ နေထိုင်လျက် ရှိပါတယ်။
အာကာသ စူးစမ်းရေးအဖွဲ့ USRA (Universities Space Research Association) ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာလည်း “Snoopy Silver Award” ကို အာကာသယာဉ်မှူး ဒေါက်တာ ရှနွန်ဝေါကာဆီက လက်ခံရရှိထားပါတယ်။ Snoopy Silver Award ဟာ မြေပြင်အာကသစခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ အာကာသယာဉ်မှူးများကို အာကာသထဲ အောင်မြင်စွာပို့ဆောင်နိုင်ခြင်းကြောင့် ဂုဏ်ပြုချီးမြင့်ခံရတဲ့ ဆုတဆု ဖြစ်ပါတယ်။
“ဒီဆုဟာ တသက်မှာ တခါသာ ရတဲ့ တသက်တာ မှတ်တမ်းဆုဖြစ်ပြီး လုပ်သက်ပေါ် အခြေခံခြင်း မရှိပါဘူး။ ၁၉၆၀ နောက်ပိုင်းက စလို့ အာကာသထဲကို လွှတ်တင်တဲ့ ဒုံးပျံတွေမှာ အာကာသ ယာဉ်မှူးတွေ စတင် လိုက်ပါကြတယ်ပေါ့။ ဒီလို လိုက်တဲ့အခါ အာကာသယာဉ်မှူးတွေမှာ အများကြီး အသက်စွန့်ပြီး သွားရတာပေါ့။ အဲဒီအတွက် မြေပြင်က သုသေသနပြုလုပ်သူတွေမှာ အရမ်းကို ဂရုစိုက်ပြီး အလုပ်လုပ်ကြရပါတယ်။ ဒါမှသာ အာကာသယာဉ်မှူးတွေအနေနဲ့ အသက် အန္တရာယ ်မရှိမှာပေါ့နော်။ Snoopy Silver Award ဆိုတာ အဲဒီိလို လုပ်ပေးနိုင်လို့ ရတဲ့ ဆု ဖြစ်ပါတယ်”လို့ ဦးပဒေသာတင်က VOA သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျုးတခုမှာ ဖြေခဲ့ပါတယ်။
ဦးပဒေသာတင်ဟာ မြန်မာပြည်ဖွား တဦးဖြစ်ပြီး အင်တာဗျူးတွေ ဖြေကြားတဲ့ အခါမျိုးမှာလည်း မြန်မာဖြစ်ကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလေ့ ရှိပါတယ်။ မြန်မာနိုင်ငံသား လူငယ် မျိုးဆက်သစ်တွေအနေနဲ့ လေးစား အတုယူစရာ ကောင်းသူတွေကို လေးစားအတုယူပြီး အနာဂတ်မှာ အောင်မြင်သူတွေ ဖြစ်လာနိုင်ဖို့့ အတွက် ကြိုးစားကြဖို့ကိုလည်း ဦးပဒေသာတင်က အမြဲ ဆုံးမလေ့ ရှိပါတယ်။
Ref. USRA, VOA
You May Also Like These Stories:
နေနဲ့ အနီးဆုံးရောက်အောင် ဦးတည်ချဉ်းကပ်နေတဲ့ အာကာသယာဉ်
နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်
မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်
ရက်ပေါင်း ၆၀ ကြာ အိပ်စက်လေ့လာရေးအတွက် ပါဝင်လိုသူတွေကို ဒေါ်လာ ၁ သောင်းကျော်နဲ့ NASA ကမ်းလှမ်း