ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ တလျှောက်လုံး လူမှုကွန်ရက် စာမျက်နှာမှာ FaceApp အသုံးပြုပြီး ဓာတ်ပုံတွေ တင်တာ ရေပန်းစားခဲ့ပါတယ်။ FaceApp ကို အသုံးပြုပြီး မျက်နှာကို ငယ်ရွယ်အောင်၊ ဒါမှမဟုုတ် ရှိရင်းစွဲထက် ပိုပြီး အိုမင်း ရင့်ရော်အောင် အပျော်တမ်းအနေနဲ့ ဓာတ်ပုံတွေ ပြုပြင်ပြီး တင်ကြတာလည်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တည်ရှိနေတာ နှစ်အနည်းငယ်ကြာပြီဆိုပေမယ့် အခုနှစ်မှာမှ ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ FaceApp ကို ဒေါင်းလုဒ် ပြုလုပ်သူ သန်း ၁၀၀ ကျော်ရှိနေပြီး ကမ္ဘာကျော် Celebrity တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီ ဆော့ဖ်ဝဲကို ဒေါင်းလုဒ် ပြုလုပ်သူ တဟုန်ထိုး မြင့်မားလာတာကြောင့် ကျွမ်းကျင်သူတွေက လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို စိတ်ပူစရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီ ဆော့ဖ်ဝဲကို အသုံးပြုပြီးတာနဲ့ ကုမ္ပဏီဟာ သင့်ရဲ့ သတင်းအချက်အလက်တွေကို တသက်တာ သုံးစွဲခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သတင်းအချက်အလက်တွေကို ပြန်လည် တောင်းယူဖို့ ခက်ခဲသွားတဲ့အပြင် အသုံးပြုခ (အခကြေးငွေ) တစုံတရာလည်း ရရှိမှာ မဟုတ်ပါဘူး။
ကုမ္ပဏီဟာ အထွေထွေ သတင်းအချက်အလက် မပေါက်ကြားရေး စည်းမျဉ်းကို လိုက်နာတဲ့ ကုမ္ပဏီအဖြစ် စာရင်းသွင်းထားခြင်း မရှိတာကြောင့် တစုံတရာ ဖြစ်ခဲ့ရင် သင့်ဘက်က တရားစွဲဆိုဖို့လည်း အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။
ရုရှားနိုင်ငံ အခြေစိုက်ဖြစ်တဲ့ ဒီကုမ္ပဏီဟာ သင်ပို့ပေးလိုက်တဲ့ ဓာတ်ပုံကိုသာ ယူတာ မကပါဘူး။ သင်ဟာ FaceApp ကို သုံးလိုက်ပြီဆိုတာနဲ့ တပြိုင်နက် သင့်ရဲ့ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ သင်နှစ်သက်တဲ့ အရာများ၊ သင့်ဖုန်းအတွင်းက မက်ဆေ့ချ်များနဲ့ အခြား လျှို့ဝှက် သတင်းအချက်အလက်တွေကို ခိုးယူနိုင်ပါတယ်လို့ Yahoo သတင်းဌာနမှာ ဖော်ပြထားပါတယ်။
FaceApp ကို သုံးတဲ့ အခါ သင်ပို့ပေးတဲ့ ပုံဟာ အနီးကပ်ရိုက်ကူးထားတဲ့ ပုံဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံ ဖြစ်တာကြောင့် သင့်ကို ခြေရာခံဖို့ အရမ်းကို လွယ်ကူသွားနိုင်ပါတယ်။ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို သင်ကိုယ်တိုင် သူများလက်ထဲ ထည့်ပေးသလို ဖြစ်သွားပါတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ရုရှားနိုင်ငံနဲ့ အမြဲတမ်းပြိုင်ဘက် ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတော့ FaceApp အသုံးပြုမှုကို ရပ်တန့်ဖို့ တွန်းအား ပေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Ref. yahoo.com
You may also like these stories:
ဦးနှောက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်မယ့် နည်းပညာကို သူဌေး Elon Musk စမ်းသပ်နေ
အသုံးပြုသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် Facebook ကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်
ဖုန်း Application တွေအတွက် ကမ္ဘာလုံးဆိုင်ရာ အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလျံ ရှိနေ