နိုင်ဂျီးရီးယားနိုင်ငံ၊ လားဂို့စ်မြို့မှာ ရှိတဲ့ လေဆိပ်တခုမှာ အမျိုးသားတယောက်ကို လေယာဉ်ထွက်ခါနီးမှ လေယာဉ် တောင်ပံပေါ် ခိုးတက်မှုကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ဆိုပါတယ်။
အမည် ဖော်ပြထားခြင်း မရှိတဲ့ အဲဒီအမျိုးသားဟာ လေယာဉ် တောင်ပံပေါ်ကို တက်လာခဲ့တာ ဖြစ်ပြီး လေယာဉ်မှူးဖြစ်သူက သတိပြုမိခဲ့တာကြောင့် လေယာဉ်စက်ကို ပြန်သတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ လေယာဉ်တောင်ပံပေါ်ကို ခုန်တက်ခဲ့တာဖြစ်ပြီး လေယာဉ်ထဲဝင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ လေကြောင်းလိုင်းက တာဝန်ရှိသူက ပြောပါတယ်။
ဒီမတော်တဆမှုဟာ လားဂို့စ်မြို့မှာ ရှိတဲ့ Murtala Muhammed အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြည်တွင်းလေကြောင်း ခရီးစဉ်တခုမှာ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ် တခုလုံးကို ခရီးသွားတဦးက ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပြီး ဗီဒီယိုထဲမှာ အခုလို လေယာဉ်ပေါ် ခိုးတက်နေတဲ့ လူကို မောင်းထုတ်ပေးဖို့နဲ့ ကြောက်ရွံ့နေတဲ့ ခရီးသွားတွေက အရေးပေါ် တံခါးပေါက် ဖွင့်ပေးဖို့ လေယာဉ်ဝန်ထမ်းတွေကို ပြောနေတာ တွေ့ရပါတယ်။
လေယာဉ်ပေါ် ခိုးတက်ဖို့ ကြိုးစားသူကိုတော့ လေယာဉ်ကွင်းအတွင်း တာဝန်ရှိသူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အမည် မသိရသေးတဲ့ အဲဒီ အမျိုးသားဟာ ဘာကြောင့် အခုလို လေယာဉ်ပေါ်ခိုးတက်ဖို့ ကြံစည်ခဲ့တယ်ဆိုတာကိုတော့ သိရခြင်း မရှိသေးပါဘူး။
အဲဒီအမျိုးသားကြောင့် လေယာဉ်ခရီးစဉ် ထူးထူးခြားခြား နှောင့်နှေးမှုတွေ မရှိခဲ့ပေမယ့် ခရီးသွားတွေ အားလုံးကတော့ စစ်ဆေးရေးဂိတ်ကို နောက်တကြိမ် ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။
Ref. CNN