အဝတ်လျှော်ရမှာ ပျင်းသူတွေနဲ့ မကြာခဏ အဝတ် မလျှော်ချင်သူတွေအတွက် ရည်ရွယ်ပြီး Organic Basics ကုမ္ပဏီက ရက်သတ္တပတ်ပေါင်း များစွာအထိ လျှော်ဖို့ မလိုတဲ့ အတွင်းခံ ဘောင်းဘီတွေကို ထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ Organic Basics ကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အဝတ်အထည်တွေနဲ့ အတွင်းခံတွေကို ထုတ်လုပ်နေတဲ့ Clothing Brand တခုဖြစ်ပြီး အခုထပ်မံထုတ်လုပ်လိုက်တဲ့ လျှော်စရာ မလိုတဲ့ အတွင်းခံတွေကိုတော့ မကြာသေးခင်ကမှ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
ဒီအတွင်းခံတွေကို ယောကျာ်းလေးဝတ်ရော၊ မိန်းကလေးဝတ်ပါ ထုတ်လုပ်ထားတာ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေတဲ့အပြင် ရက်သတ္တပတ်ပေါင်း များစွာအထိ လျှော်ဖို့ မလိုအပ်တာကြောင့် ရေအရင်းအမြစ် ဆုံးရှုံးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အတွင်းခံတွေကို အချိန်ကြာမြင့်တဲ့အထိ သန့်ရှင်းနေစေဖို့နဲ့ အနံ့အသက် ကင်းစင်စေဖို့ အရည်အသွေးမြင့် ငွေရောင်သတ္တုဓာတ် Silvertech 2.0 ကို ထည့်သွင်း ပြုလုပ်ထားတာဖြစ်ပြီး ဒီ Silvertech တွေဟာ ဘက်တီးရီးယားတွေကို ၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှား သန့်စင်ပေးနိုင်ပါတယ်။
ဒီလိုမျိုး Silvertech တွေကို အဝတ်အထည်တွေထဲ ထည့်သုံးဖြစ်တဲ့ အိုင်ဒီယာကိုတော့ နာဆာက သိပ္ပံပညာရှင်တွေ ရေသန့်စင်တဲ့အခါ Silvertech ကို အသုံးပြုပြီးရေသန့်စင်တဲ့စနစ်ကို အခြေခံပြီး ရရှိခဲ့တာဖြစ်တယ်လို့ Organic Basics ရဲ့ Co-Founder တဦးဖြစ်သူ Mads Fibiger Rasmussen က ပြောပါတယ်။
“သတိထားမိသလောက် ပြောရမယ်ဆိုရင် အတွင်းခံတွေရဲ့ အရည်အသွေးကို လူတော်တော်များများက ဂရုမစိုက်တတ်ကြပါဘူး၊ တကယ်တော့ အတွင်းခံတွေရဲ့ အရည်အသွေးပိုင်းဟာ အရေးကြီးသလို လူ့အရေပြားနဲ့ အနီးစပ်ဆုံး ထိတွေ့နေရာတာ ဖြစ်တာကြောင့် ဂရုစိုက်သင့်ပါတယ်”
“အခု ထုတ်လုပ်လိုက်တဲ့ ဒီအတွင်းခံတွေကတော့ ရေရှည်လည်း အသုံးတည့်မှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုလည်း မရှိနိုင်ပါဘူး။ အဆင့်မြင့်နည်းပညာတွေနဲ့ ၁၀၀ ရာခိုင်နှုန်း Recycled Nylon တွေကို အသုံးပြုထားတာဖြစ်တာကြောင့် ဘက်တီးရီးယားတွေကိုလည်း ကာကွယ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။
Ref. www.bestproducts.com
You may also like these stories:
သဘာဝပစ္စည်းတွေကို ရွေးချယ် သုံးစွဲသင့်တဲ့ အကြောင်းရင်း
ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်
အတွင်းခံ (Underwear) တွေအကြောင်း သင်မသိသေးတဲ့ အချက် ၄ချက်