တရုတ်နိုင်ငံ၊ ယူနန် စီရင်စုမှာရှိတဲ့ ကျေးရွာတခုက မိသားစုတစုဟာ အိမ်မွေးခွေးတကောင် ဝယ်ယူမွေးမြူခဲ့ပြီး ၂ နှစ်ကြာမှ ခွေး မဟုတ်ဘဲ အမည်းရောင် ဝက်ဝံတကောင်ဖြစ်နေမှန်း သိခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီခွေးကို စတင် ဝယ်ယူ မွေးမြူခဲ့တုန်းကတော့ တိဘက်ခွေးအမျိုးအစား Tibetan Mastiff ခွေးအမျိုးအစားလို့ ထင်ပြီး ဝယ်ယူ မွေးမြူခဲ့တာဖြစ်ပြီး ၂ နှစ်ကျော် အချိန်ကြာမှ ဝက်ဝံတကောင်နဲ့ တဖြည်းဖြည်း တူလာတာကြောင့် ထိတ်လန့်တကြား ဖြစ်ကာ ရဲတွေရဲ့အကူအညီကို တောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ ခွေးလို့ ထင်ရတဲ့ ဝက်ဝံကို မွေးမြူခဲ့သူကတော့ Su Yun လို့ ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး စတင် မွေးမြူခဲ့တဲ့ အချိန်တုန်းကတော့ ပေါင်ချိန် ၁၈၀ ခန့်ရှိတဲ့ ခွေးဝဝကြီး တကောင်လို့ ထင်ခဲ့တယ်လို့ သူက The Independent သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“အားလပ်ရက် ခရီးထွက်ရင်းနဲ့ အိမ်မွေးခွေးတကောင် မွေးမယ်လို့ စိတ်ကူးရပြီး အိမ်ကို ခေါ်လာခဲ့တာပါ၊ စပြီးမွေးတဲ့အချိန်တည်းက သူက အစားတော်တော် စားပါတယ်၊ တနေ့ကို သစ်သီးခြင်း တခြင်းနဲ့ ခေါက်ဆွဲ နှစ်ခြင်းလောက်ကို စားနိုင်ပါတယ်။ ကျမအထင် တိဘက်ခွေး အမျိုးအစားတွေက ဒီလိုပဲ စားတာလို့ ထင်ခဲ့တာပါ”
“တဖြည်းဖြည်း အရွယ်ရောက်လာတော့မှ သူက ခွေးတွေလို ခြေလေးချောင်းစလုံးပေါ် အားပြုပြီး လမ်းလျှောက်တာမျိုး မဟုတ်ဘဲ ရှေ့လက်နှစ်ချောင်းကိုပဲ အားပြုပြီး လမ်းလျှောက်တာကို သတိထားမိတာရယ်၊ ပေါင်ချိန် ၂၅၀ ကျော်လောက်ဖြစ်လာပြီး ဝက်ဝံနဲ့ တူလာတာရယ်ကြောင့် အကူအညီ လှမ်းတောင်းရတာပါ” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ သူ မွေးမြူခဲ့တဲ့ ဟိမဝန္တာဝက်ဝံလို့ခေါ်တဲ့ Ursus Thietanus အမျိုးအစားဝက်ဝံဟာ လူတွေကို အန္တရာယ်ပြုလေ့ မရှိတဲ့ အာရှဝက်ဝံမျိုး ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် မှောင်ခိုဈေးကွက်မှာ တိုင်းရင်းဆေး ဖော်စပ်ဖို့နဲ့ ဟင်းလျာတွေအတွက် အများဆုံး အရောင်းအဝယ် ပြုလုပ်နေကြတဲ့ ဝက်ဝံမျိုးစိတ်လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီဝက်ဝံကို ယူနန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့ထိန်းသိမ်းရေးဂေဟာမှာ ထိန်းသိမ်းထားရှိနေတာဖြစ်ပြီး ကျန်းကျန်းမာမာ ရှိတယ်လို့လည်း ဂေဟာက တာဝန်ရှိသူတွေက ဆိုပါတယ်။
Ref. thewildchild.co
You may also like these stories:
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ဒူးရင်းသီးသည် ချစ်စရာခွေးလေး Jub Jib
ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
Ford က ထုတ်လုပ်လိုက်တဲ့ ဆူညံသံဖျောက် ခွေးအိမ်
ကြောင်ချစ်သူတွေ သိထားသင့်တဲ့ အပြုအမူများ