Trend

သက်ငယ်မုဒိမ်းမှုတွေ ဖြစ်မလာအောင် ဘယ်လို ကြိုတင် ကာကွယ်ထားသင့်သလဲ 

Want create site? Find Free WordPress Themes and plugins.

ဒီနှစ်တွေအတွင်းမှာ တောက်လျှောက် မြင်တွေ့ ကြားနေရတဲ့ သတင်းတွေကတော့ LGBT (Lesbian, Gay, Bisexual, Transgender) ကိစ္စနဲ့ သက်ငယ်မုဒိမ်းမှု အကြောင်းတွေပါ။ လိင်ခွဲခြားဆက်ဆံခံရလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကိစ္စရှိသလို သက်ငယ်မုဒိမ်းမှု သတင်းတွေကိုလည်း နေ့စဉ်လိုလို ကြားနေရပါတယ်။

ဒီနေ့ခေတ်လို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ဘာကိုမှ ဖုံးကွယ်ထားလို့ မရတာကတော့ အမှန်ပါ။ အရင်ခေတ်တွေတုန်းကလို သတင်းအမှောင် ချထားတဲ့ ကာလကြီးမှာတော့ သက်ငယ်မုဒိမ်းမှုတွေဟာ လူမသိ၊ သူမသိ ပျောက်ကွယ်သွားတာတွေလည်း ရှိပါလိမ့်မယ်။ အခုတော့ သက်ငယ်မုဒိမ်းသမားတွေကို သေဒဏ်ပေးသင့်တဲ့အကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးအတွက် မတ္တရာမြို့တွင် ဆန္ဒပြတောင်းဆိုကြစဉ် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ခက်နေတာ တခုက စာရေးသူတို့နိုင်ငံဟာ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို စဉ်းစား မထားကြတာပါပဲ။ ဖြစ်လာတော့မှသာ ပူပူလောင်လောင်တွေ ဖြစ်ကုန်ကြတာ။ ဘယ်လို ကြိုတင်ကာကွယ်နိုင်သလဲ ၊ ကိုယ့်ကလေးတွေကို ဘယ်လို သင်ကြားထားသင့်သလဲ ဆိုတာမျိုးကိုတော့ မိဘတွေ ကိုယ်တိုင်က မေ့လျော့နေကြပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ အလွှာပေါင်းစုံမှာ ဖြစ်ပျက်နေတာကို တွေရပါတယ်။ တချို့သော သက်ငယ်မုဒိမ်းမှုတွေမှာဆိုရင် ဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင်ကပါ ပါဝင်ပတ်သက်နေတာ တွေ့နေရပါတယ်။ ဘယ်ဘာသာ ညာဘာသာ ခွဲခြားနေလို့ မရတော့ပါဘူး။ ဘာသာတိုင်းရဲ့ ဘာသာရေး ခေါင်းဆောင်ဆိုသူတွေဟာ သက်ငယ်မုဒိမ်းမှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ အမှုတွေလည်း ရှိပါတယ်။

သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ဆန္ဒပြပွဲတွင် တွေ့ရသော ကလေးငယ်များ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

သက်ငယ်မုဒိမ်း သားကောင်နေရာမှာ ကိုယ့်ကလေးတွေ ပါဝင်မနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို သင်ကြားသင့်၊ သင်ကြားထိုက်တာတွေကို ကြိုတင် သင်ကြားပေးသင့်ပါတယ်။ ကလေးတွေ ကိုယ်တိုင်ကလည်း မုဒိမ်းသမားတွေရဲ့ သားကောင်အဖြစ် မကျရောက်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ လိုအပ်သလို ပြန်လည် တုန့်ပြန်နိုင်ဖို့လည်း လိုအပ်ပါတယ်။

အကောင်းဆုံး ကာကွယ်နည်းကတော့ ကလေးတွေရဲ့ အသိဉာဏ်ကို ဖွင့်ပေးတာပါ။ ဒါမှလည်း စာသင်ကျောင်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် လိင်အကြမ်းဖက်မှုကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

တောင်အာရှ နိုင်ငံတွေမှာ နိုင်ငံတွေမှာဆိုရင်လည်း လိင်အကြမ်းဖက်မှု အန္တရာယ်ကို ကလေး သန်းပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကဆိုရင်တော့ လိင်အကြမ်းဖက်ခံရတဲ့ ကလေးပေါင်း ၆၄ ရာခိုင်နှုန်းက တောင်အာရှဒေသတွေက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြစ်မှု ကျူးလွန်ကြသူတွေထဲမှာ မိဘတွေ ကိုယ်တိုင်လည်း ပါဝင်ကြသလို မိသားစုဝင်တွေ၊ ဆရာတွေ၊ ကလေးကို ပြုစုစောင့်ရှောင့်နေရသူတွေ၊ သြဇာအာဏာ ရှိကြသူတွေနဲ့ အခြား ကလေးတွေ ပါဝင်ပါတယ်။ အခုဖော်ပြပေးခဲ့သူတွေဟာ ကလေးတွေအတွက် အနီးဆုံး ရန်သူတွေပါပဲ။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေသာမက စိတ်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ပါဝင်ပါတယ်။ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတဲ့ ဒီခေတ်မှာတော့ Messenger ကနေ လိင်ကိစ္စ ပြောဆိုနေတာတွေကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စာရင်းမှာ ပါဝင်ပါတယ်။ ဒါကြောင့်လည်း အရွယ်မရောက်သေးသူတွေကို အင်တာနက် အသုံးပြုခိုင်းတာကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကြုံတွေ့စေနိုင်ပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဖော်ပြထားတဲ့ အချက်အလက်တွေအရ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကလေးပေါင်း ၇၄ ရာခိုင်နှုန်းလောက်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံနေရတယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံနေရတဲ့ ကလေးတွေကတော့ အသက် ၂ နှစ်ကနေ ၁၄ နှစ်အတွင်း  ဖြစ်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု စာရင်းထဲမှာ ကိုယ့်သဘောမပါဘဲ အတင်းအဓမ္မ လက်ထပ် ထိမ်းမြားပေးတဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ အဲဒီလို ကိုယ့်သဘောဆန္ဒ မပါဘဲ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးတဲ့ စာရင်းတွေထဲမှာတော့ ဘူတန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဘူတန်နိုင်ငံရဲ့ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်း အပျိုအရွယ် မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ့်သဘောဆန္ဒ မပါဘဲ အတင်းအဓမ္မ လက်ထပ် ထိမ်းမြားခံရတာမျိုးနဲ့ ကြုံတွေ့နေရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာဆိုရင်လည်း အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းက အမျိုးသမီး ၄၇ ရာခိုင်နှုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမျိုး ကြုံတွေ့နေရသလို အိန္ဒိယနိုင်ငံရဲ့ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အတွင်းအရွယ် အမျိုးသမီးတွေရဲ့ ၅ ရာခိုင်နှုန်းက အုပ်စုဖွဲ့ လိင်စော်ကားခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မော်လ်ဒိုက်နိုင်ငံမှာဆိုရင် ၈ တန်း ကနေ ၁၀ တန်းအထိ ကျောင်းသား စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းက ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ အတင်းအဓမ္မ စေခိုင်းခံနေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အလျောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပုံစံတွေကလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ခတ်မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပုံစံကတော့ အွန်လိုင်းပေါ်ကနေ အနိုင်အထက် ပြုကျင့်တာမျိုးတွေပါပဲ။

အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်အရဆိုရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ၁၀ ရာခိုင်နှုန်းက ကလေးနဲ့ မရင်းနှီးတဲ့ လူစိမ်းတွေဖြစ်ပြီး ၂၃ ရာခိုင်နှုန်းကတော့ ကလေးတွေနဲ့ ရင်းနှီးသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံရတဲ့ အရွယ်ကတော့ ၅ နှစ်အရွယ် ကလေးတွေ များပါတယ်။

ကလေးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတာဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တာကြောင့် ဖြစ်သလို၊ မိဘတွေရဲ့ သင်ကြားမှု ကင်းမဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ကိုယ့်ကလေးတွေကို မထိသင့်၊ မကိုင်သင့်တဲ့ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေကို နားလည်တတ်စ အရွယ်ကတည်းက ကလေးတွေကို သင်ကြားထားသင့်ပါတယ်။ အနည်းဆုံးကတော့ ကိုယ်ခန္ဓာမှာ ရှိတဲ့ အစိတ်အပိုင်းတွေကို ကလေးတွေ နားလည်အောင် သင်ကြားထားသင့်ပါတယ်။

ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို သေသေချာချာ သင်ကြားပေးထားခြင်းက ကလေးတွေကို ကောင်းကောင်းကူညီနိုင်ပါတယ်။ ကိုယ့်ကလေးကို ရေချိုးပေးတာပဲဖြစ်ဖြစ်၊ အဝတ်ဝတ်ပေးတဲ့ အခါတွေပဲဖြစ်ဖြစ် ကလေးရဲ့ အဝတ်မဲ့ ခန္ဓာကိုယ်ကို မိဘတွေအနေနဲ့ ကြည့်နိုင်ပေမယ့် တခြားလူတွေ အနေနဲ့ မကြည့်သင့် မမြင်သင့်တဲ့အကြောင်းကို မိဘတွေက ကလေးတွေကို သင်ကြားပေးထားရပါမယ်။

အဓိကကတော့ လိင်အင်္ဂါလို နေရာမျိုးတွေဟာ တခြားသူတွေ မမြင်သင့်တဲ့အရာဖြစ်သလို မထိ၊ မကိုင်သင့်တဲ့ နေရာမျိုးတွေဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း သင်ကြားထားသင့်ပါတယ်။ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားချင်သူတွေဟာ ကိုယ်ခန္ဓာကို အရင်ဆုံးထိတွေ့ ကိုင်တွယ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဘယ်နေရာမျိုးတွေကို ထိကိုင်လာရင် အကိုင်မခံသင့်တဲ့အကြောင်း၊ အကိုင်ခံရရင်လည်း မိဘ ဒါမှမဟုတ် အနီးနားရှိနေတဲ့ လူကြီးတယောက်ယောက်ကို အမြန်ဆုံး တိုင်ကြားသင့်တဲ့အကြောင်း ရှင်းပြပေးထားရပါမယ်။

မထိမကိုင်ရလို့ သတ်မှတ်ထားတဲ့ နေရာတွေကို ထိတွေ့ ကိုင်တွယ်လာသူတွေက လူကြီးတွေ ဖြစ်လာခဲ့ရင် အော်ဟစ် အကူအညီ တောင်းတာမျိုး၊ ရုန်းကန်တာမျိုး ပြုလုပ်ရမယ်လို့ မိဘတွေအနေနဲ့ ကလေးတွေကို ကနဦးကတည်းက သင်ကြားပေးထားရပါမယ်။

နောက်ထပ်အချက်ကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားလိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်တာမျိုး မလုပ်ခင် စကားတွေနဲ့လည်း စတတ်တယ်ဆိုတာပါပဲ။ မိဘတွေကလွဲလို့ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို တခြားလူတယောက်ယောက်က ကွယ်ရာမှာ ပြောဆိုလာခဲ့ရင်လည်း မိဘကို ပြန်လည်တိုင်ကြားဖို့ သင်ကြားထားပေးရပါမယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဆိုတာက နေရာအမျိုးမျိုးကနေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာနိုင်ပါတယ်။ ကိုယ့်ကလေးကို အမြဲ ချီပိုးနေတဲ့ တခြား သူစိမ်းတွေကလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမျိုးတွေကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ချရတဲ့ အသိုင်းအဝိုင်း ဆိုတာထက် ကိုယ့်ကလေးနဲ့ အမြဲမပြတ် ရင်းရင်းနှီးနှီး နေနိုင်တာက အကောင်းဆုံးပါပဲ။ အခါအခွင့်သင့်တဲ့ အချိန်တိုင်းမှာလည်း လိင်မှုဆိုင်ရာ စော်ကားခံရတာမျိုး မဖြစ်ရအောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။

အရွယ်မရောက်ခင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ ကလေးတွေကို သုတေသန ပြုကြည့်ရာကနေ ထွက်လာတဲ့အဖြေကတော့ အဲဒီလို ကလေးအများစုဟာ သူတို့ စော်ကားခံခဲ့ရတာကို ရေငုံနှုတ်ပိတ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကလေးတွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်ကြရမှာ စိုးရိမ်တဲ့အတွက် နှုတ်ဆိတ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုကြောက်ရွံ့တာမျိုးက လိင်အကြမ်းဖက်သမားတွေအတွက် အခွင့်အရေးပါပဲ။ နောက်ထပ် ဆက်ကာ ကျူးလွန်ဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ တူနေပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကလေးတွေက မိဘတွေအပေါ် ယုံကြည်မှုရှိနေစေဖို့ လိုအပ်ပါတယ်။ ဘယ်လို အခြေအနေမျိုးပဲ ကြုံရ ကြုံရ မိဘတွေကို အရင်ဖွင့်ပြောသင့်တဲ့အကြောင်း သင်ကြားပေးရပါမယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အနေအထားကလည်း “ကိုယ့်ကလေးတွေ သက်ငယ်မုဒိမ်းမှုမျိုးနဲ့ မကြုံရအောင် ဘယ်လို သင်ကြားပေးထားရမလဲ” ဆိုတဲ့ ပြဿနာပါ။ တခြားသူတွေ မထိ၊ မကိုင်သင့်တဲ့ နေရာတွေအကြောင်း မိဘတွေက ကလေးတွေသိအောင် သေချာ ရှင်းပြပေးရပါမယ်။ အထူးသဖြင့် လိင်အင်္ဂါ အစိတ်အပိုင်းတွေကို သူစိမ်းတွေ မထိတွေ့၊ မကိုင်တွယ်သင့်တဲ့ အကြောင်း ကလေးတွေ နားလည်အောင် သင်ကြားထားပေးဖို့ လိုပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေဟာ သက်ငယ်မုဒိမ်းမှုတွေကို အလုံးစုံ ကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး။ နောက်ထပ် အကြောင်းအရာတွေလည်း ကျန်ကောင်းကျန်နေပါသေးမယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်ကတော့ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်မလာအောင် မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး၊ ကလေးတွေကို သေချာ ဂရုတစိုက် ကြိုတင်ကာကွယ် သင်ကြားထားပေးဖို့ လိုပါတယ်။

Ref. www.unicef.org , childmind.org

You may also like these stories:

ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများအား ဓာတုဗေဒနည်းနဲ့ သင်းကွပ်မယ့် ယူကရိန်းနိုင်ငံ

သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

ကလေးငယ်တွေကို ဘာကြောင့် Sex Education သင်ကြားပေးသင့်သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading