ဖိလစ်ပိုင်နိုင်ငံက စေတနာ့ ဝန်ထမ်းတွေဟာ နိုင်ငံတွင်းမှာရှိတဲ့ ဆင်းရဲ ချို့တဲ့တဲ့ မိသားစု ၃ သိန်းခွဲကျော်ကို အဖိုးနှုန်းချိုသာပြီး ပလတ်စတစ်ဘူးနဲ့ လုပ်ထားတဲ့ ဆိုလာစနစ်သုံး မီးချောင်းတွေ ပေးအပ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ မီးအိမ် အလင်းရောင်ကို အသုံးပြုပြီး နေထိုင်ကြသူတွေဟာ ဆင်းရဲ ချို့တဲ့သူတွေ ဖြစ်ကြပါတယ်။
စာရင်းဇယားတွေအရ ကမ္ဘာတဝန်းမှာရှိတဲ့ လူသန်းပေါင်း ၈၄၀ ကျော်လောက်ဟာ လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရဆဲပါ။ “Liter of Light” လို့ နာမည်ပေးထားတဲ့ ကမ္ဘာနဲ့ချီပြီး အလင်းပေးရေး လှုပ်ရှားမှုနောက်ကွယ်က အဖွဲ့ကတော့ အလင်းရောင်ရရှိဖို့ လိုအပ်နေတဲ့ မိသားစုတွေအတွက် အလင်းရောင် ဆောင်ကျဉ်းပေးဖို့ ပလတ်စတစ် ဘူးတွေကို အသုံးပြုလာပြီ ဖြစ်ပါတယ်။ အခုတော့ လူထောင်ပေါင်းများစွာကို အလင်းရောင်နဲ့ ပျော်ရွှင်မှုတွေ မျှဝေပေးနေပြီလည်း ဖြစ်ပါတယ်။
“Liter of Light” ရဲ့ စေတနာ့ ဝန်ထမ်းတွေဟာ တချိန်တည်းမှာပဲ ပလတ်စတစ်ဘူး တဘူးနဲ့တင် စွမ်းအင် ချို့တဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီအဖွဲ့ကို ဖိလစ်ပိုင်မှာရှိတဲ့ “MyShelter Foundation” က ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ တည်ထောင်သူ ဖာသာ Illac Diaz ကတော့ မုန်တိုင်းတွေ တိုက်ခတ်ပြီးနောက် သူဟာ ဆက်သွယ်ရေး မန်နေဂျာတဦးအနေနဲ့ အလုပ်လုပ်ခဲ့ရပြီး ဒေသခံ မိသားစုတွေ နေထိုင်နေရတဲ့ အခြေအနေတွေကြောင့် ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် သူဟာ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေအတွက် အလင်းရောင် ယူဆောင်လာဖို့ အဖိုးနှုန်း ချိုသာတဲ့ နည်းလမ်းတခုကို ကြံဆခဲ့ပါတယ်။ Diaz ဟာ အလုပ်ထွက်ပြီးတော့ မက်ဆာချုးဆက် နည်းပညာ အင်စတီကျုမှာ မြို့ပြအစီအမံနဲ့ ဗိသုကာပညာရပ်ကို လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၂ ခုနှစ်မှာ ဘရာဇီးစက်မှုပညာရှင် Alfredo Moser က ပထမဆုံးစတင်ခဲ့တဲ့ ပလတ်တစ်ဘူး အလင်းပေးနည်းပညာနဲ့ ပတ်သက်လို့ လေ့လာ သိရှိခဲ့ရပါတယ်။
Diaz ဖိလစ်ပိုင်ကို ပြန်လာခဲ့ပြီး သူ့ရဲ့ မိခင်နိုင်ငံမှာ ဒီဇိုင်း အသစ်အဆန်းတခုကို မိတ်ဆက်ဖို့ စတင်ခဲ့ပြီး အိမ်ထောင်စု ရာပေါင်းများစွာအတွက် မှော်ဆန်တဲ့ အလင်းရောင်တွေ တပ်ဆင်ပေးဖို့ ကူညီခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် အခုလိုမျိုး စေတနာ့ဝန်ထမ်း လှုပ်ရှားမှုဟာ ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံအထိ ပျံ့နှံ့ခဲ့ပြီး အဲ့ဒီ ကွန်ရက်ဟာလည်း ဆက်တိုက် ကြီးထွားလာနေပြီ ဖြစ်ပါတယ်။
အခုလိုမျိုး ဆိုလာစနစ်သုံး ပလတ်စတစ်ဘူး အလေးပေး မီးချောင်းကို ဖန်တီးမယ်ဆိုရင်တော့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပလတ်စတစ်ဘူးခွံ အလွတ် တခု၊ ရေ၊ သွပ်ရေစိမ် စတီး၊ အရောင်ချွတ်ဆေးနဲ့ နေရောင်ခြည်တို့ လိုအပ်ပါတယ်။ အရောင်ကျွတ်ရေ ထည့်ထားတဲ့ ဘူးလေးကို ခေါင်းမိုးပေါ်မှာ တင်ထားမယ် ဆိုရင် ၅၀ ဝပ် ရှိတဲ့မီးလုံးနဲ့ ညီမျှတဲ့ အလင်းရောင်ကို အဆောက်အဦတိုင်းမှာ လင်းလက်စေမှာ ဖြစ်ပါတယ်။
တကယ်လို့ အဲ့ဒီ ဆိုလာစနစ်သုံး ပလတ်စတစ်မီးချောင်းကို အားသွင်းဖို့ နေမသာတဲ့ အခါမျိုးမှာ အဖွဲ့ဟာ ဘက်ထရီ၊ ဆိုလာပြား၊ LED မီးလုံးတွေနဲ့ အဲ့ဒီ မီးဘူးကို တပ်ဆင်လာကြပါတယ်။ အခုလိုမျိုး မီးအိမ်တွေကို PVC ပိုက်တွေ ဒါမှမဟုတ် ဝါးလုံးတွေနဲ့ အသုံးပြုလိုက်မယ်ဆိုရင် ညဘက်မှာ အိမ်အပြင်ဘက် လမ်းမီးတိုင်အနေနဲ့ ကောင်းကောင်း တပ်ဆင် အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။
အခုတော့ လူပေါင်း ၃ သိန်းခွဲကျော်ဟာ သူ့တို့ရဲ့ အိမ်တွေနဲ့ ရွာတွေမှာ မီးအလင်း ရရှိနေပြီလည်း ဖြစ်ပါတယ်။ “Liter of Light” အဖွဲ့ဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ပြည်သူတွေအတွက် မီးအလင်းပေး ပလစ်စတစ်ဘူးကို ဖန်တီး တပ်ဆင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကူညီရှင်းပြပေးဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီ လှုပ်ရှားမှုဟာ တနေ့ထက် တနေ့ ပိုမိုကြီးထွားလာပြီး လူတွေကို ပိုမိုဆွဲဆောင်လာနေပါပြီ။
Diaz က “တကယ်လို့ သင်ဟာ ဆိုလာ မီးအလင်းတွေကို ဘယ်လို ဖန်တီးရမယ်ဆိုတာ သင်ယူနိုင်မယ်ဆိုရင် ဆိုလာလမ်းမီးတွေနဲ့ သူတို့ရဲ့ အသိုက်အဝန်းတွေကို ဘေးကင်းလုံခြုံစေနိုင်မှာပါ။ ၃ ဝပ်ကနေ ၅ ဝပ်ဆိုတာ ကျေးရွာတခုလုံးကို အလင်းပေးဖို့ လိုအပ်နေတဲ့ ပမာဏ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာဒေသတွေ အများကြီး ရှိနေဆဲပါ။ အဲဒီဒေသတွေမှာလည်း အခုလိုမျိုး ဆိုလာ ပလစ်တစ် မီးချောင်းစီမံကိန်းတွေနဲ့သာ မီးအလင်းရောင် ပေးနိုင်ခဲ့မယ်ဆိုရင် ဒေသခံတွေအတွက်တော့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝ ပုံစံကို ရရှိလာမှာ မလွဲဧကန်ပါပဲ။
Ref. brightside.me