Hip hop အဆိုတော် 2Pac သီချင်းတွေကို ကြိုက်လွန်းလို့ အစိုးရ အလုပ်မှ ထုတ်ပယ်ခံရသူ
သီချင်းတွေကို ကြိုက်လွန်းလို့ အလုပ်ထုတ်ခံရတယ်ဆိုတဲ့ ဖြစ်ရပ်ဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပါ။ ဒါပေမဲ့ အပြင်မှာ တကယ် ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါ (Iowa) ပြည်နယ်မှာ တာဝန်ကျနေတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ Jerry Foxhoven ဟာ အမေရိကန် Hip hop အဆိုတော် “2Pac” လို့ လူသိများတဲ့ Tupac Shakur ကို အလွန်အမင်း နှစ်သက်သူ ဖြစ်ပြီး သူ့ရဲ့ ဝန်ထမ်းတွေကို 2Pac သီချင်းတွေကို စာသားနဲ့ တကွ နေ့စဉ် အီးမေးလ်က ပို့ပေးလေ့ ရှိပါတယ်။
၂၀၁၇ ခုနှစ်က စပြီး ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ Jerry ဟာ နေ့တိုင်းနီးပါး သူ့ဝန်ထမ်းတွေကို 2Pac ရဲ့ သီချင်းတွေ ပို့ပေးလေ့ ရှိပါတယ်။ ဒါတင် မကပါဘူး။ သူဟာ အားလပ်ရက်တွေ ရောက်ရင်တောင်မှ သူ့လက်အောက်က ဝန်ထမ်းတွေကို “2Pac ရဲ့ ဘယ်သီချင်းကို နားထောင်ပါ” စတဲ့ အီးမေးလ်တွေကို ပို့ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူဟာ ရက်သတ္တပတ်တိုင်းရဲ့ သောကြာနေ့ကို “2Pac Friday” ဆိုပြီး ရုံးမှာ 2Pac သီချင်းတွေ ဖွင့်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ သူဟာ သူ့အောက်က ဝန်ထမ်းတွေကိုသာမက ဌာန တခုလုံးမှာရှိတဲ့ ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်ကို 2Pac ရဲ့ မွေးနေ့ပွဲ အမှတ်တရ အနေနဲ့ 2Pac ပုံနဲ့ အတူ သီချင်းတွေကို နားဆင်ကြဖို့ အီးမေးလ် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အီးမေးလ်ပေါင်း ၄,၀၀၀ ကျော်ကို ပို့ပေးပြီးနောက်မှာတော့ သူ့ရဲ့ အထက်လူကြီးက သူ့ကို နှုတ်ထွက်စာ တင်ဖို့ ခေါ်ယူ ပြောဆိုခဲ့တယ်ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် ခရိုင်မှူးဖြစ်တဲ့ Jerry ကတော့ အထက်လူကြီး ခေါ်ယူပြောဆိုတာနဲ့ ပတ်သက်ပြီး သတင်းဌာနတွေ မေးမြန်းချိန်မှာတော့ ဘာမှ ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။
သူဟာ အလုပ်က ထွက်ပြီးနောက်မှာတော့ သူ့ရဲ့ အီးမေးလ်အဝင်အထွက်မှာ “2Pac”, “Tupac” စတဲ့ စာလုံး အသုံးပြုမှုဟာ စာမျက်နှာပေါင်း ၃၅၀ ခန့် ရှိခဲ့တယ်လို့ အမေရိကန်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီး အင်တာနက် အသုံးပြုသူ 2Pac ပရိသတ်တွေကတော့ သူ့ရဲ့ အပြုအမူဟာ ချစ်ဖို့ကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကို ပေးခဲ့ကြပါတယ်။
Ref. consequenceofsound.com
You may also like these stories:
ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z