ဒီခေါင်းစဉ်ဟာ သဘာဝ ပတ်ဝန်းကျင်အကြောင်းကို လေ့လာသူတွေအတွက် ကြားဖူးပြီးသား ခေါင်းစဉ်တခု ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခုကိစ္စနဲ့ ဆင်ဆင်တူတဲ့ ကိစ္စမျိုးဟာ ၂၀၁၆ ခုနှစ်က တခါ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ လူသားတွေဟာ တနှစ်စာ သုံးရမယ့် သဘာဝအရင်းအမြစ် သယံဇာတများကို သြဂုတ်လမှာတင် ကုန်အောင် သုံးစွဲခဲ့ဖူးပြီး နောက် ၃ နှစ် အကြာမှာ အဲဒီစံချိန်ထက် ရက်သတ္တပတ် တခုပိုစောပြီး စံချိန်အသစ်ချိုးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ လူသားတွေဟာ ကမ္ဘာကြီးက တနှစ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်မယ့် အရင်းအမြစ်တွေကို ၅ လ ကြိုတင်သုံးစွဲခဲ့တာ ဖြစ်တာဖြစ်ပြီး အဲဒီလို သယံဇာတအားလုံး ကုန်သွားတဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကို “Earth Overshoot Day” လို့ အမည်ပေးထားပါတယ်။
လူသားတွေဟာ နှစ်တိုင်းမှာ သုံးစွဲသင့်တဲ့ သယံဇာတတွေကို သုံးစွဲသင့်တဲ့ အချိန်တွေထက် ပိုစောပြီး သုံးစွဲတာ တနှစ်ထက် တနှစ် ပိုပိုမြန်လာတာကြောင့် အခုဆိုရင် တနှစ်မှာ ကမ္ဘာကြီးရဲ့ သယံဇာတ ၁ ဒဿမ ၇၅ ဆခန့် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီတွက်ချက်မှုမှာ ကမ္ဘာပေါ်က ရေ၊ မြေ ငါးနဲ့ သစ်တော သုံးစွဲမှု ပမာဏတွေ အားလုံး ပါဝင်ပြီး လူသားတွေ အနေနဲ့ လေထုထဲကို ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကိုပါ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဒီလို အသုံးပြုမှုကို လူသားတွေရဲ့ ခြေရာလက်ရာ (Footprint) တွေလို့ တင်စားခေါ်ဝေါ်ကြပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ခြေရာလက်ရာကတော့ ၆၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။
၁၉၇၀ နှစ်များမှာတော့ သယံဇာတတွေဟာ ပိုလျှံနေပြီး ၁၉၆၁ ခုနှစ်က ရှိရင်းစွဲ သယံဇာတရဲ့ ၃ ပုံ ၁ ပုံကိုသာ သုံးစွဲခဲ့ပေမယ့် အဲဒီအချိန်က စပြီး လူတွေဟာ သယံဇာတကို ထိန်းမနိုင်သိမ်းမရ သုံးစွဲလာခဲ့ပါတယ်။
လူသားတွေဟာ ကမ္ဘာ ၁ လုံးသာ ပိုင်ဆိုင်ပေမယ့် သယံဇာတတွေ အသုံးပြုမှုကတော့ ကမ္ဘာ ၁ ဒဿမ ၇၅ လုံးခန့်စာ ရှိနေတယ်လို့ Global Footprint Network ကို တည်ထောင်သူ Mathis Wackernagel က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒီလို သယံဇာတ အလွန်အမင်းသုံးစွဲမှုတွေကြောင့် လူသားတွေဟာ ရာသီဥတု ဖောက်ပြန်ခြင်းတွေကို အဓိက ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Ref. sciencealert.com
You may also like these stories:
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ထိုင်းစစ်တပ်မှ သစ်စေ့ပေါင်း ၉ သိန်းခန့် ကောင်းကင်ပေါ်မှ ကြဲချ
ကမ္ဘောဒီးယားကို ရောက်လာတဲ့ စွန့်ပစ် ပလတ်စတစ်များ အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ ပြန်ပို့မည်
လေထုညစ်ညမ်းမှုကို လျှော့ချဖို့ သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဥယျာဉ်ငယ် လန်ဒန်မြို့မှာ ထားရှိ
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ