အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲသားတွေထဲမှာ အဝလွန်နေတဲ့ ရဲတွေကို ဝိတ်ချဖို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ အကြီးအကဲတွေက ဖိအားပေးနေပြီး ဝိတ်ချ အစီအစဉ်တွေနဲ့ သေချာ ကြပ်မတ်ကာ ဝိတ်ချပေးနေတယ်လို့ သိရပါတယ်။
ဒီဝိတ်ချခြင်း အစီအစဉ်ကို အရှေ့ဂျာဗားပြည်နယ်၊ Mojokerto မြို့မှာရှိတဲ့ State Police Academy (SPN) ကနေ ဦးဆောင် ပြုလုပ်ပေးနေတာဖြစ်ပြီး ဒီဝိတ်ချ ပရိုဂရမ်ဟာ ၁၀ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။
အဝလွန်နေတဲ့ ရဲတွေအတွက် စီစဉ်ပြုလုပ်ထားတဲ့ ဒီ ၁၀ ရက်တာ ဝိတ်ချ ပရိုဂရမ်မှာဆိုရင် ပြင်းထန်တဲ့ အားကစား လေ့ကျင့်ခန်းတွေအပြင် ပြေးခြင်း၊ ရေကူးခြင်း၊ လေးပင်တဲ့ ဝတ်စုံတွေ ဝတ်ပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေနဲ့ ခရီးရှည် လမ်းလျှောက် လေ့ကျင့်ခန်းတွေလည်း ပါဝင်တာကြောင့် အဝလွန်နေတဲ့ ရဲတွေအတွက် မစားသာတဲ့ ပရိုဂရမ် တခုလည်း ဖြစ်ပါတယ်။
ဝိတ်အမြန်ကျစေဖို့ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေအပြင် စားသောက်မှု ပုံစံကိုပါ အာဟာရ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပြုလုပ်ပေးနေတာ ဖြစ်တဲ့အတွက် နောက်တကြိမ် ထပ် မဝရဲအောင် သင်ခန်းစာ ပေးနေတာမျိုးလည်း ဖြစ်ပါတယ်။
ဒီဝိတ်ချ ပရိုဂရမ်ကို ဇူလိုင်လ ၁၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဝလွန်နေတဲ့ ရဲတိုင်း (ဘယ်ရာထူး အဆင့်မှာ လုပ်ကိုင်နေစေကာမူ) ဝိတ်ချ ပရိုဂရမ်ကို မဖြစ်မနေ တက်ရောက်နေရတာ ဖြစ်ပါတယ်။
ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရဲသားတွေအနေနဲ့ တာဝန်ချိန်မှာ ဖျတ်ဖျတ်လတ်လတ်နဲ့ အလုပ်တာဝန် ကျေပွန်အောင် ပြုလုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ပြေးရလွှားရ၊ ဖမ်းဆီးရတဲ့အခါ ခန္ဓာကိုယ် အလေးချိန်ကြောင့် တာဝန် မထမ်းဆောင်နိုင်တာမျိုး မဖြစ်ရအောင် ရည်ရွယ်တာဖြစ်တယ်လို့ ဂျာဗားခရိုင် ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲမှူး Frans Barung Mangera က ပြောပါတယ်။
“အဓိကကတော့ Body Mass Index (BMI) မြင့်တက်နေတဲ့ ရဲသားတွေကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ပြုလုပ်တဲ့ ပရိုဂရမ်ပါပဲ။ ခန္ဓာကိုယ် ကြည့်ကောင်းဖို့၊ မကောင်းဖို့ ဆိုတာထက် လိုအပ်လို့ ပြုလုပ်ရတာပါ၊ လူဆိုးဖမ်းတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကို မနည်း ပြန်သယ်နေရတာမျိုးထက် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ဖို့က အရေးကြီးတယ်လေ”လို့ ရဲမှူးက အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။
Ref. indonesiaexpat.biz
You may also like these stories:
အဝလွန် ထိုင်းရဲများ ဝိတ်ချသင်တန်းပေးနေ
ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ပြီး ပေါင်ချိန် ၄၀၀ခန့် ဝိတ်ချခဲ့သူများ
နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ရေကိုအသုံးပြုပြီး ဝိတ်ချနည်း
ဗိုက်ခေါက်ထူထူတွေကို ဖြစ်ပေါ်စေတဲ့ အလေ့အကျင့်ဆိုး ၅ ခု