အီသီယိုးပီးယားနိုင်ငံဟာ ကမ္ဘာ့စံချိန်တင်ဖို့အတွက် ၁၂ နာရီအတွင်း အပင်ပေါင်းသန်း ၃၅၃ ကျော် စိုက်ပျိုးခဲ့ကြပါတယ်။ “Green Legacy” လို့ နာမည်ပေးထားတဲ့ ဒီကမ်ပိန်းကို ဝန်ကြီးချုပ် Abiy Ahmed ဦးဆောင်ပြီး နိုင်ငံတဝှမ်း စိုက်ပျိုးခဲ့ကြတာပါ။
စုပေါင်း သစ်ပင်စိုက်ပျိုးပွဲမှာ နိုင်ငံတဝှမ်းက အီသီယိုးပီးယားလူမျိုး သန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး ပထမ ၆ နာရီအတွင်းမှာ အပင်ပေါင်း သန်း ၁၅၀ လောက် စိုက်ပျိုးနိုင်ခဲ့ပြီးပြီလို့ ဝန်ကြီးချုပ်က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရည်မှန်းချက် တဝက် ရောက်ပါပြီ။ ကျန်တဲ့အချိန်အတွင်း အလျင်အမြန် ဆက်ကြိုးစားကြမယ်”လို့ ၆ နာရီ အပြီးမှာ တွစ်တာကတဆင့် ပြည်သူတွေကို အားပေးစကား ဆိုခဲ့ပါတယ်။
အချိန် ၁၂ နာရီအပြီးမှာတော့ ဝန်ကြီးချုပ်က တွစ်တာကနေ “အောင်မြင်စွာနဲ့ “Green Legacy” ပြီးမြောက် သွားရုံတင်မကဘဲ မျှော်မှန်းထားတာထက် ပိုအောင်စိုက်ပျိုးနိုင်ခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံဟာ ၁၂ နာရီအတွင်း စုစုပေါင်းအပင် ၃၅၃,၆၃၃,၆၆၀ စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သစ်ပင်စိုက်ပျိုးပွဲ ကမ်ပိန်းဟာ အာဖရိကတိုက်ရဲ့ ဒုတိယ လူနေထူထပ်ဆုံး တိုင်းပြည်မှာ တနေ့တည်း သစ်ပင် သန်းနဲ့ချီ စိုက်ပျိုးနိုင်တဲ့ အချက်က ပြည်သူတွေကို သစ်ပင်စိုက်ပျိုးဖို့ကို အားပေးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံက စေတနာ့ဝန်ထမ်း ၁ ဒဿမ ၅ သန်းကျော် ပါဝင်ပြီး ၁၂ နာရီအတွင်း အပင်ပေါင်း ၆၆ သန်း စိုက်ပျိုးပြီး စံချိန်တင်ထားခဲ့တာပါ။
အီသီယိုးပီးယားဟာ အခု စံချိန်တင်မကဘဲ မိုးရာသီ တခုလုံးအတွက်ပါ နိုင်ငံတဝှမ်း သစ်ပင်စိုက်ပျိုးမယ့် ကမ်ပိန်းကို လုပ်ဆောင်သွားမှာဖြစ်ပြီး မေလကနေ အောက်တိုဘာလထိ အပင်ပေါင်း ၄ ဘီလီယံကျော် စိုက်ပျိုးနိုင်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် Ahmed က တွစ်တာကတဆင့် ပြောကြားခဲ့ပါတယ်။
အခုလို နိုင်ငံတဝှမ်း သစ်ပင်စိုက်ပျိုးပွဲတွေ လုပ်ဆောင်လာတာဟာ စိုက်ပျိုးရေး လုပ်ငန်းအပေါ် ၈၀ ရာခိုင်နှုန်းသော အီသီယိုးပီးယားလူမျိုးတွေ လုပ်ကိုင် စားသောက်နေရတာကြောင့်လည်း ဖြစ်ပါတယ်။ အကြောင်းကတော့ နိုင်ငံတဝှမ်းမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ၊ သစ်ပင်ပြုန်းတီးမှုတွေ များလာတာကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေအပေါ် ထိခိုက်လာတာကြောင့်ပါ။
၂၀၁၇ ခုနှစ်မှာ အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကနိုင်ငံ ၂၀ ကျော်နဲ့အတူ African Forest Landscape Restoration Initiative မှာ ပါဝင်လာခဲ့ပြီး သစ်ပင် ဟက်တာ သန်း ၁၀၀ ကျော် ပြန်လည် စိုက်ပျိုးဖို့ သဘော တူညီခဲ့ပါတယ်။
Ref: edition.cnn