အသက် ၂၄ နှစ်အရွယ်၊ ရုရှား Instagram Star တဦးဖြစ်တဲ့ Ekaterina Karaglanova ဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတာကြောင့် သူ့ရဲ့နေအိမ်ကို သွားရောက် ကြည့်ရှုတဲ့အခါမှာ ခရီးဆောင်အိတ်အတွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် ရှိတယ်လို့ ရုရှား ရဲတပ်ဖွဲ့က ပြောပါတယ်။
လူမှုကွန်ရက် Instagram မှာ Followers ၈၅,၀၀၀ ခန့်ရှိတဲ့ သူဟာ မကြာသေးခင်ကမှ ဆရာဝန်ဘွဲ့ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ သူ သေဆုံးမှုဟာ မနာလိုမှုကြောင့် သတ်ဖြတ်ခံရမှု ဖြစ်နိုင်တယ်လို့ ရုရှား ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
Karaglanova ဟာ မကြာသေးခင်ကမှ ချစ်သူအသစ် ရရှိထားသူ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မှာ မွေးနေ့ပွဲကျင်းပဖို့ နယ်သာလန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ရုရှားသတင်းစာ Moskovsky Komsomolets မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နယ်သာလန် ခရီးစဉ် မတိုင်ခင်မှာ မိဘတွေက အဆက်အသွယ် မရတဲ့အတွက် စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလို စိုးရိမ်ပူပန်တာကြောင့် သူ နေထိုင်ရာ အိမ်ပိုင်ရှင်ကို ဆက်သွယ်ပြီး အိမ်ခန်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့် တောင်းပြီး ဝင်ရောက်ကြည့်ရှုတဲ့ အချိန်မှာတော့ သူ့ရဲ့ အလောင်းကို တိုက်ခန်းလျှောက်လမ်း ရှိရာက ခရီးဆောင်အိတ်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူက အရေးပေါ်လူနာတင်ယာဉ်ကို အကူအညီတောင်းခဲ့ပေမယ့် Karaglanova ကတော့ လည်ပင်းမှာ လှီးဖြတ်ခံထားရတဲ့ ဓားဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ကတော့ တိုက်ခန်းအတွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ လက္ခဏာနဲ့ လက်နက်တွေကိုတော့ တွေ့ရှိရခြင်း မရှိဘူးလို့ ဆိုပါတယ်။
အိမ်အတွင်း ရိုက်ကူးထားတဲ့ CCTV မှတ်တမ်းတွေမှာတော့ ခရီးစဉ် မတိုင်ခင်မှာ သူမရဲ့ ရည်းစားဟောင်းလာရောက်တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ အဲဒီ CCTV မှတ်တမ်းကို ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်ခြင်း ရှိ၊ မရှိကိုတော့ MK သတင်းစာက ဖော်ပြထားခြင်း မရှိပါဘူး။
Karaglanov ဟာ Instagram မှာ ဓာတ်ပုံတွေကို နေ့စဉ်တင်လေ့ ရှိပြီး သူဟာ ၁၉၉၃ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဗြိတိန် မင်းသမီး Audrey Hepburn နဲ့ ရုပ်ချင်းဆင်တယ်လို့ သူ့ရဲ့ Follower တွေက ဆိုကြပါတယ်။
Karaglanov ဟာ မတ်လက သူ့ရဲ့ တိုက်ခန်းကို ပြုပြင်နေတဲ့ အကြောင်းများနဲ့ ခရီးစဉ်တွေအကြောင်း ပြောထားပြီး “ကျမတွေးနေတဲ့ အရေးကြီး ကိစ္စတခု ရှိတယ်။ ဒါပေမဲ့ အခုတော့ ဘာလဲ ဆိုတာကို မပြောပြသေးဘူး”လို့ ရေးတင်ထားတာ တွေ့ရပါတယ်။
သူ တင်တဲ့ ဓာတ်ပုံတွေမှာ ဥရောပတခွင် သွားခဲ့တဲ့ ခရီးစဉ်တွေ ပါရှိပြီး သူနောက်ဆုံး တင်ထားတဲ့ ပို့စ်ကတော့ ဂရိနိုင်ငံ၊ Corfu ကျွန်းကို သွားရောက်ထားတဲ့ ပုံနဲ့ အတူ “ကျမက မကြာခဏ ခရီးသွားရတာကို ကြိုက်တယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံမှာ ၃ ရက်ကနေ ၅ ရက်ထက် ပိုကြာပြီး မနေဘူး”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့ပါတယ်။
သူဟာ သူ့ရဲ့ Personal Instagram အကောင့်အပြင် ရုရှားနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဘလော့ဂ် တခုကိုလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ သူဟာ မော်စကိုမြို့မှာရှိတဲ့ ဆေးဘက်ဆိုင်ရာ ကျောင်းတခုမှာ နေထိုင်ခွင့် ရရှိထားပြီး အရေပြားရောဂါ အထူးကုအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
Ref. BBC
You may also like these stories:
Instagram မှာ ရေပန်းစားနေတဲ့ Falling Star Challenge ဆိုတာ ဘယ်လိုမျိုးလဲ
သေသင့်၊ မသေသင့် Instagram မှာ မဲပေးခိုင်းပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေး
Instagram မှာ Selena Gomez ကိုကျော်ပြီး Follower အများဆုံးဖြစ်လာတဲ့ Ariana Grande