အခြေခံပညာကျောင်းလို့ ပြောလိုက်ရင် အများစုက စာတွေကို ကြက်တူရွေး နှုတ်တိုက် ကျက်ပြီး အတန်းတင် စာမေးပွဲဖြေကာ တတန်းပြီး တတန်း တက်လာရတဲ့ ပညာရေးစနစ်ကို ပြေးမြင်ကြမှာ မလွဲပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သင်ကြားမှု ပုံစံတွေဟာ ယခင်ကထက် လက်တွေ့ပိုဆန်လာပြီး ကလေးတွေကို ကိုယ်တိုင် လွတ်လပ်စွာ လေ့လာ သင်ကြား၊ စူးစမ်းမှုတွေနဲ့ သင်ပြလာကြတဲ့ စာသင်ကျောင်းတွေ ရှိလာပါတယ်။
ဒီလို ကြက်တူရွေး နှုတ်တိုက် စာအံပြီး ကျက်ရတဲ့ အလေ့အထကို တွန်းလှန်ဖို့ဆိုရင် ကလေးငယ်တွေကို လက်တွေ့ကျကျ သင်ကြားပြသမှုတွေ၊ စမ်းသပ်မှုတွေကို ကိုယ်တိုင် ပါဝင် လုပ်ဆောင်ရတဲ့ Activities တွေနဲ့ သူတို့ သိချင်တဲ့အရာတွေ၊ သိလိုသမျှတွေကို အကြောင်းအရာ၊ အချက်အလက်တွေနဲ့ သူတို့ နားလည်အောင်၊ နားဝင်အောင် ပြောဆို ဆွေးနွေးမှုတွေ ပြုရပါမယ်။
ကြက်တူရွေး စာအံစနစ်ဆိုတာ ပညာရေးစနစ်ရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ အများနဲ့အတူ ပညာမိုးခါးရေကို လိုက်သောက်ရင်း အိပ်မက်တွေ ပျောက်ဆုံးခဲ့တဲ့ လူငယ်တွေ မြန်မာနိုင်ငံမှာ ရေတွက်လို့ မကုန်နိုင်ပါဘူး။ ဒီလို ပညာရေးစနစ်ကို ရသေလောက် တော်လှန်ပြီး ကျောင်းသူ၊ ကျောင်းသားတွေကို ကမ္ဘာ့အဆင့်မီ ပညာရေးအဖြစ် လက်လှမ်းမီအောင် ကြိုးစားနေတဲ့ ကိုယ်ပိုင်ကျောင်းတွေလည်း အများအပြား ရှိနေပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့မှာ ရှိတဲ့ “ကောင်းမြတ်” ကိုယ်ပိုင် အထက်တန်းကျောင်းကတော့ အဲ့ဒီလို ကြက်တူရွေးနှုတ်တိုက် စာအံစနစ်ကို တိုက်ဖျက်ဖို့ ကျောင်းသားတွေကို လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ အထူးကြပ်မတ် သင်ကြားပေးနေတဲ့ စာသင်ကျောင်း တကျောင်းပါ။
ကျောင်းစတင် တည်ထောင်ချိန်က စပြီး နှစ်စဉ် ကျောင်းတွင်း သိပ္ပံပြပွဲ ပြိုင်ပွဲတွေကို ကျင်းပနေရာကနေ အခုဆိုရင် ကိုးရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ International Youth Robot Competition 2019 ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခြင်း ခံရပါတယ်။
ဒီပြိုင်ပွဲဟာ ကိုးရီးယားနိုင်ငံ၊ Daejeon မြို့မှာ ပြုလုပ်လျက်ရှိပြီး My Robot Time Myanmar ကနေ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတကာပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး၂၀၁၉ ခုနှစ်အတွက် တောင်ပေါ်ဒေသက ကလေးငယ်တွေ သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
My Robot Time Myanmar ဟာ ကိုရီးယားနိုင်ငံ၊ Hi-tech Enterprises တခုဖြစ်တဲ့ MRT International Limited မှ ပညာရေးဆိုင်ရာ အထောက်အကူပြု စက်ရုပ်ပစ္စည်းများကို မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ချိနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ My Robot Time Myanmar မှ မြန်မာနိုင်ငံ ကိုယ်စားပြု Robot အသင်းများ၊ ပြိုင်ပွဲဝင်များကိုလည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်စေလွှတ်လျက် ရှိပါတယ်။
ကျောင်းသား၊ ကျောင်းသူများဟာ စက်ရုပ်များကို ကိုယ်ထည် ဒီဇိုင်းထုတ်ခြင်း၊ ကွန်ပျူတာ ပရိုဂရမ် ရေးသွင်းခြင်းနဲ့ စမ်းသပ်ခြင်းများ ပြုလုပ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကျောင်းသားတွေထဲမှာ ရှမ်း၊ တောင်ရိုး၊ လားဟူ၊ ပအိုဝ့် စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ သွားရောက်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသားတွေထဲက အချို့ကတော့ ကျောင်းတွင်း သိပ္ပံပြိုင်ပွဲမှာ ဒုံးပျံ ပြုလုပ် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူတွေ ဖြစ်ကြပါတယ်။
“ကောင်းမြတ်”ကိုယ်ပိုင် အထက်တန်းကျောင်းဟာ အခုပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
“ကျနော်တို့ ကျောင်းက ကလေးတွေကို နိုင်ငံတကာ အဆင်မီတဲ့ ပညာရေးမျိုး ရစေချင်တယ်။ နိုင်ငံတကာက ကလေးတွေ ပညာကို ဘယ်လို သင်ယူနေတယ်ဆိုတာ ကျောင်းသူ၊ ကျောင်းသားတွေကို သိစေချင်လို့ သွားရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တာပါ။ ကလေးတွေ အနေနဲ့ ၁ လကျော် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတယ်” လို့ “ကောင်းမြတ်” ကိုယ်ပိုင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူက ဧရာဝတီကို ပြောပါတယ်။
ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ IYRC Competition Camp ၂ ရက် ကောင်းမွန်စွာ လေ့ကျင့် သင်ကြားပေးခဲ့ပြီး မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ကြိုးစားမှု အရည်အသွေးကို မြန်မာကိုယ်စားပြု ထုတ်ဖော် ပြသသွားကြမှာ ဖြစ်ပါတယ်။
“သွားပြိုင်တာကတော့ ဆရာတို့ ကောင်းမြတ် ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေး ၁၀ ယောက်နဲ့ My Robot Time Myanmar က ရွေးချယ်ထားတဲ့ ကလေး ၇ ယောက်ဆိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အားလုံးပေါင်း ၁၇ ယောက် ရှိပါတယ်”လို့ ဦးကောင်းမြတ်သူက ပြောပါတယ်။
“ကောင်းမြတ်” ကိုယ်ပိုင် အထက်တန်းကျောင်းဟာ ကြက်တူရွေးနှုတ်တိုက် အလွတ်ကျက်ပညာရေးကို ဆန့်ကျင်ပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများမှအပ အခြားကျောင်းသား၊ ကျောင်းသူ အားလုံးကို သိပ္ပံ၊ ဂီတ စတဲ့ ဖြည့်စွက်သင်ရိုးတွေ သင်ကြားနေပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းကာ ကွန်ပျူတာ သင်ရိုးသစ်တွေကိုလည်း သင်ကြားလျက် ရှိပါတယ်။
You may also like these stories:
အပြည်ပြည်ဆိုင်ရာ လူငယ်များ စက်ရုပ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၆ ရရှိခဲ့
၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် အကူစက်ရုပ်တွေကို ဂျပန် ပြသ
အလိုအလျောက် မောင်းနှင်နိုင်တဲ့ Pod ယာဉ်တွေကို ဘရစ်စတို လေဆိပ်မှာ စမ်းသပ်
အလုပ်သမားတွေရဲ့ ခွန်အားကို မြှင့်တင်ပေးမယ့် LG SuitBot
‘RoboCop’ ကင်းလှည့်စက်ရုပ်ကို ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့မှာ စတင် အသုံးပြု