မြို့ကြီးတွေမှာ ပညာသင်ကြားခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ နယ်မြို့တွေက ကျောင်းသား၊ ကျောင်းသူတွေထက် ပညာရေး အခွင့်အရေး ပိုရရှိကြပါတယ်။ ဒါတွေကို တွန်းလှန်ပြီး နယ်မြို့က ကျောင်းသားတွေကို ကမ္ဘာအဆင့်မီ ပညာရေး ရရှိအောင် သင်ကြားပြသပေးနေတဲ့ အစိုးရ စာသင်ကျောင်းတွေ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ တစတစ ရှိလာပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေဟာ ကိုးရီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ “International Youth Robot Competition 2019” ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို နယ်မြို့လေး တမြို့ဖြစ်တဲ့ ရှမ်းပြည်နယ်၊ နမ့်စန်မြို့မှ ကျောင်းသား၊ ကျောင်းသူများ သွားရောက် ယှဉ်ပြိုင်နေတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့က “ကောင်းမြတ်” ကိုယ်ပိုင် အထက်တန်းကျောင်းရဲ့ တည်ထောင်သူ၊ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူကို ဧရာဝတီက အခုလိုပဲ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ အခုလိုမျိုး ကိုးရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ International Youth Robot Competition 2019 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကျောင်းသားတွေ သွားရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။
ဖြေ။ ။ ဆရာတို့အနေနဲ့ ဆရာတို့နိုင်ငံက ကလေးတွေ အထူးသဖြင့် တောင်ပေါ်ဒေသက ကလေးတွေက ရန်ကုန်၊ မန္တလေးလောက်က ကလေးတွေနဲ့ ယှဉ်လိုက်ရင်တောင်မှ အများကြီး နောက်ကျနေတယ်လို့ ပြောလို့ ရတာပေါ့နော်။ အဲဒီတော့ ဆရာက ဆရာတို့ ဒေသက ကလေးတွေကို နိုင်ငံတကာက ကျောင်းသား၊ကျောင်းသူတွေ ဘယ်လို ကြိုးစားနေတယ်ဆိုတာ ပြချင်တယ်၊ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိစေချင်တယ်။ နိုင်ငံတကာက ကလေးတွေ ဘယ်လို ပညာကို သင်ယူနေတယ် ဆိုတာကို ပြချင်တယ်။
နိုင်ငံတကာက ကလေးတွေလုပ်နေသလိုပဲ ကိုယ့်ဆီက ကလေးတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ အမြင်မျိုး ကလေးတွေကို ရစေချင်တယ်။ နောက်ပြီး “ကောင်းမြတ်”ကျောင်းအနေနဲ့က ကလေးတွေကို တီထွင်ဖန်တီးနိုင်တဲ့၊ လက်တွေ့လုပ်ဆောင်နိုင်တဲ့ ပညာရေးစနစ်မျိုးကို ပေးဖို့ ကြိုးစားနေတဲ့အတွက် သွားရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။
မေး။ ။ ကလေးတွေ အနေနဲ့ ဘယ်လို လေ့ကျင်ပြင်ဆင်ခဲ့ရတယ်ဆိုတာနဲ့ ဘယ်သူတွေက ဦးဆောင်လေ့ကျင့်ပေးခဲ့လဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒီစက်ရုပ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဆရာတို့က “My Robot Time” ဆိုတဲ့ အဖွဲ့အစည်းကို ချိတ်ဆက်ခဲ့ပါတယ်။ My Robot Time ရဲ့ မြန်မာနိုင်ငံက ရုံးခွဲဖြစ်တဲ့ My Robot Time Myanmar က ဆရာတွေက လာရောက်လေ့ကျင့် သင်ကြားပေးပြီး ဆရာတို့ရဲ့ အခြေပညာ အထက်တန်းကျောင်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
လိုအပ်တဲ့ သင်တန်းတွေကို သူတို့က ပေးပါတယ်။ ဒါပေမယ့် ဆရာတို့ကျောင်းဟာ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းပြီး ကွန်ပျူတာသင်ရိုးကို တတိယတန်းကနေ နဝမတန်းအထိ သင်ကြားနေတာဖြစ်လို့ ကလေးတွေအနေနဲ့ အများကြီး အထောက်အကူ ရှိပြီး ဖြစ်ပါတယ်။
မေး။ ။ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက် ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ သွားရောက် ယှဉ်ပြိုင်တာကတော့ ဆရာတို့ “ကောင်းမြတ်” ကိုယ်ပိုင် အထက်တန်းကျောင်းက ကလေး ၁၀ ယောက်နဲ့ My Robot Time Myanmar က ရွေးချယ်ထားတဲ့ ကလေး ၇ ယောက်ဆိုတော့ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ အားလုံးပေါင်း ၁၇ ယောက် ရှိပါတယ်။
မေး။ ။ ပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ ကလေးတွေ အနေနဲ့ ဘယ်လို အစိတ်အပိုင်းတွေမှာ ယှဉ်ပြိုင်နေတယ်ဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဆရာတို့က အခု အငယ်တန်း ပြိုင်ပွဲ ပါတယ်၊ အကြီးတန်း ပြိုင်ပွဲ ပါတယ်။ နောက်ပြီး အလွတ်တန်း ပြိုင်ပွဲဖြစ်တဲ့ “Humanoid Robot” လို့ ခေါ်တဲ့ လူပုံတူ စက်ရုပ် ပြိုင်ပွဲမှာလည်း ပါပါတယ်။ ကဏ္ဍအားလုံးမှာ ဝင်ပြိုင်တဲ့ သဘောပေါ့။ အကြီးတန်းပြိုင်ပွဲမှာရော အငယ်တန်းပြိုင်ပွဲမှာပါ စက်ရုပ်များကို ကိုယ်ထည်ဒီဇိုင်းထုတ်ခြင်း၊ ကွန်ပျူတာပရိုဂရမ် ရေးသွင်းခြင်းနဲ့ စမ်းသပ်ခြင်း တွေပါဝင်ပြီး ကားမောင်းတဲ့ စက်ရုပ်၊ ဘောလီဘောဆော့တဲ့ စက်ရုပ် စတာတွေကို တည်ဆောက်ခဲ့ပြီး လာရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရလဲ။
ဖြေ။ ။ အခက်အခဲကတော့ ဆရာတို့အနေနဲ့ ကလေးအများအပြားကို ခေါ်လာချင်တာပေါ့။ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား နိုင်ငံတွေဆိုရင် ကလေးတွေကို ရာနဲ့ချီပြီးတောင် ခေါ်လာတယ်။ သူတို့ကလေးတွေကို ဒီလောက်ထိ မျက်စိဖွင့်ပေးတယ်၊ နားဖွင့်ပေးတယ်။ ဆရာတို့ကတော့ အများကြီးကို ခေါ်မလာနိုင်ဘူး။ ခရီးစရိတ် ငွေကြေးကုန်ကျမှုတွေ ရှိလာတယ်။
ကိုယ့်စရိတ်နဲ့ ကိုယ်လာရတာဆိုတော့ ချင့်ချိန်နေရတာတွေ ရှိလာတယ်။ ကလေးတွေကတော့ တောင်ပေါ်ဒေသကနေ လာရတာဆိုတော့ ခရီးပန်းတာမျိုးပဲ ရှိတာပါ။ ကျောင်းမှာလည်း လေ့ကျင့်မှုတွေ ဆက်တိုက်လုပ်ရတယ်။ ရန်ကုန်ရောက်တာ့လည်း ရတဲ့ ရက်လေးကို အပြေးအလွှား စခန်းသွင်း လေ့ကျင့်ရတယ်ဆိုတော့ ကလေးတွေ နည်းနည်းပင်ပန်းတာပဲ ရှိတာပါ။
မေး။ ။ ကျောင်းအုပ်ကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးကို နိုင်ငံတကာ အနေနဲ့ ယှဉ်ရင် ဘယ်လို အနေအထား ရှိနေတယ်လို့ မြင်မိပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံအနေနဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့် အလွန်နှေးကွေးပြီးတော့ အကောင်အထည် ဖော်တဲ့ နေရာမှာ အလွန်အင်မတန်မှ အားနည်းတာကို တွေ့ရတယ်။ နောက်ပြီးတော့ လက်ရှိအချိန်အထိ မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာအရည်အချင်းကို အလွတ် ကျက်၊ အလွတ်မှတ် ပြီးတော့ ပြန်ချရေး၊ ဒီလို ချရေးနိုင်တာကိုပဲ တော်တယ် ညံ့တယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပုံစံကနေ အခုထိ ခွဲမထွက်နိုင်သေးဘူး။
နိုင်ငံတကာမှာ ကျတော့ KG တန်းကနေ တက္ကသိုလ် ဝင်တန်းအထိ အားလုံးကို လက်တွေ့စနစ်တွေနဲ့ သွားတယ်။ ကလေးတွေ စိတ်ပါဝင်စားအောင်လုပ်တယ်။ ပျော်ရွှင်အောင် လုပ်တယ်။ စိတ်ဖိစီးမှုလည်း မရှိဘူး။ နောက်ပြီး ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကို မြင့်တင်ပေးနိုင်အောင် ပြုလုပ်တယ်။ ကလေးတွေအတွက် ပညာရေးကို ပံ့ပိုးပေးနိုင်တဲ့ လက်တွေ့ပစ္စည်းတွေ ပေးတယ်။
သင်ကြားမှုပုံစံဟာ အလွန်ပေါ့ပါးပြီး စိတ်ဝင်စားစရာ ကောင်းတယ်ပေါ့နော်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ အလွတ်ကျက်မှတ်တဲ့ ကြက်တူရွေး နှုတ်တိုက်နည်းနဲ့ ဆက်ပြီး သင်ကြားနေတယ်။ သင်ထောက်ကူပစ္စည်းတွေလည်း လုံလောက်အောင် မပံ့ပိုးပေးနိုင်ဘူး။ လက်ရှိမှာ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံတွေရဲ့ နောက်မှာ အပြတ်အသတ် နောက်ကျကျန်နေခဲ့တာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အခြေအနေ မကောင်းဘူး။
မေး။ ။ အခု ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲပြီးသွားရင်ကော ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒီနှစ်မှာတော့ ဆရာတို့ အနေနဲ့ ဒီပြိုင်ပွဲ အတွက် ရွေးချယ်ထားတဲ့ ကလေး ၁၀ ယောက်ကိုပဲ နေရာအတိုင်းအတာ တခုအထိ ရောက်အောင် သင်ကြားပေးနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်နှစ်တွေမှာတော့ တခြားနိုင်ငံတွေလိုပဲ STEAM (Science, Technology, Engineering, Art, and Mathematics) ပညာရေးဖွံဖြိုးတိုးတက်အောင် သူငယ်တန်းကတည်းကနေ ၉ တန်းအထိ ဖြည့်စွက်သင်ကြားသွားမှာ ဖြစ်ပါတယ်။
သူများဆီက ကလေးတွေက ၅ တန်းလောက်ဆို Programming ရေးနေပြီ။ ကိုယ့်ဆီက ကလေးတွေက တက္ကသိုလ်ရောက်တဲ့ အထိ Programming ဆိုတာ ဘာမှန်း မသိသေးဘူး။ ဒါကြောင့် ဆရာတို့အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတော့ သူငယ်တန်းကတည်းက သူများနိုင်ငံတွေလို ဖြစ်အောင် ပြင်ဆင်သွားမယ်။ ဒါကြောင့် My Robot Time အပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားပါမယ်။
International Youth Robot Competition 2019 ပြိုင်ပွဲဟာ ကိုးရီးယားနိုင်ငံ၊ Daejeon မြို့မှာ ပြုလုပ်လျက်ရှိပြီး My Robot Time Myanmar ကနေ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတကာပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး၂၀၁၉ ခုနှစ်အတွက် တောင်ပေါ်ဒေသက ကလေးငယ်တွေ သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
My Robot Time Myanmar ဟာ ကိုရီးယားနိုင်ငံ၊ Hi-tech Enterprises တခုဖြစ်တဲ့ MRT International Limited မှ ပညာရေးဆိုင်ရာ အထောက်အကူပြု စက်ရုပ်ပစ္စည်းများကို မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ချိနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ My Robot Time Myanmar မှ မြန်မာနိုင်ငံ ကိုယ်စားပြု Robot အသင်းများ၊ ပြိုင်ပွဲဝင်များကိုလည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်စေလွှတ်လျက် ရှိပါတယ်။
“ကောင်းမြတ်” ကိုယ်ပိုင် အထက်တန်းကျောင်းကတော့ ကျောင်းသားတွေအတွက် ကြက်တူရွေးနှုတ်တိုက် အလွတ်ကျက်ပညာရေးကို ဆန့်ကျင်ပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများမှအပ အခြားကျောင်းသား၊ ကျောင်းသူ အားလုံးကို သိပ္ပံ၊ ဂီတ စတဲ့ ဖြည့်စွက်သင်ရိုးတွေ သင်ကြားနေပြီး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းကာ ကွန်ပျူတာ သင်ရိုးသစ်တွေကိုလည်း သင်ကြားလျက် ရှိပါတယ်။
You may also like these stories:
နယ်မြို့လေးကတဆင့် တိုင်းပြည်ဂုဏ် ဆောင်ကြမယ့် ကိုရီးယားရောက် မြန်မာ ကျောင်းသားများ