ထိုင်းနိုင်ငံမှာတော့ အသစ်အဆန်းတွေနဲ့ မျှော်လင့်မထားတဲ့အရာတွေကိုမှ အဓိက တွေ့မြင်နိုင်တဲ့ မြို့အဖြစ် ဘန်ကောက်မြို့ဟာ တည်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံခြားသားခရီးသည်တွေကို ရည်ရွယ်ပြီး စီးပွားရေးအရဆွဲဆောင်မှုကလည်း သာမန်မြင်တေ့ွနေကျ အရာတွေကို ထူးထူးခြားခြားဖြစ်အောင် ပြုလုပ်ရောင်းချရင်း နိုင်ငံခြားဝင်ငွေရှာဖွေနိုင်ခြင်းပဲဖြစ်ပါတယ်။
(၁) သင်ဟာ အထူးအဆန်းတွေကို စိတ်ဝင်စားသူတယောက်ဆိုရင်တော့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Selfie ပုံအတိုင်း ပုံဖော်ထားတဲ့ ကော်ဖီတခွက်နဲ့ ဓာတ်ပုံရိုက်နိုင်မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ ဘန်ကောက်မှာ ရှိတဲ့ KC Selfie Coffee မှာ ပြုလုပ်နိုင်မှာဖြစ်ပြီး သင်ကိုယ်တိုင်ကြိုက်နှစ်သက်တဲ့ Selfie ဓာတ်ပုံကို ကော်ဖီဆိုင်ဆီ Facebook ကနေတဆင့် ပို့လိုက်ရုံနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၂) ထိုင်းနိုင်ငံဟာ ရိုးရာဓလေ့နဲ့အတူ အဆောင်ပစ္စည်းတွေကို ယုံကြည်တဲ့ နိုင်ငံတခုဖြစ်တာကြောင့် အရုပ်တွေဟာ သူတို့အတွက် ကံကောင်းစေတယ်လို့ မှတ်ယူထားကြတာဖြစ်ပါတယ်။
သူတို့အတွက် အရုပ်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အခါ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြတာကြောင့် အရုပ်တွေကို အဝတ်လဲပေးတာ ၊ ရုံးခန်းထဲမှာထားတာနဲ့ စားသောက်ဆိုင်တွေအထိပါ ခေါ်ဆောင်သွားပြီး အရသာရှိတဲ့အစားအစာတွေ ကျွေးမွေးလေ့ရှိတဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
(၃) Samut Prakan ဟာ ခမ်းနားလှတဲ့အဆောက်အဦးတွေနဲ့ ရှေးဟောင်းမြို့တမြို့ဖြစ်ပြီး မြေဧက ၃၂၀ ကျယ်ဝန်းမှုမှာ လှပတဲ့ ပန်းခြံတွေနဲ့ ရေပြင် ၊ ရှေးဆန်းတဲ့ ဗိသုကာလက်ရာအသုံးပြု တည်ဆောက်ထားတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။ မြို့ရဲ့ မြေမျက်နှာသွင်ပြင် အနေအထားအလိုက် တူညီတဲ့ပုံစံဒီဇိုင်းနဲ့ အထိမ်းအမှတ်အဆောက်အအုံပေါင်း ၁၁၆ခုကျော်ရှိပြီး နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို နောင်လာနောင်သားတွေ သိရှိဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။
(၄) SooK Station ဟိုတယ်ကတော့ အကျဉ်းထောင်တွေရဲ့ ပုံစံအတိုင်း ဆောက်လုပ်ထားတာဖြစ်ပြီး ဘန်ကောက်မြို့ မှာတည်ရှိတာပဲဖြစ်ပါတယ်။ ထောင်ပုံစံအတိုင်း ဆောက်လုပ်ထားတဲ့ ဒီဟိုတယ်မှာ တည်းခိုမယ်ဆိုရင်တော့ ဆင်တူဝတ်စုံတခုရရှိမှာဖြစ်တဲ့အပြင် ဘားအနောက်မှာရှိတဲ့ အခန်းတခန်းနဲ့ ရေချိုးခန်းကိုပါမျှဝေသုံးစွဲကြရမှာပါ။
ထောင်ကျတဲ့အတွေ့အကြုံအတိုင်းကို ဒီဟိုတယ်မှာ တည်းခိုရင်း ခံစားနိုင်မှာဖြစ်ပြီး ထောင်တွေမှာရှိသလို တိုက်ပိတ်ခံရတဲ့ခံစားမှုမျိုးကိုလည်း ဆန္ဒရှိရင် ရယူနိုင်ပါသေးတယ်။
Ref. birghtside.me