ဆော်ဒီအာရေဗျနိုင်ငံဟာ ကျား၊ မ ခွဲခြားမှု ပြင်းထန်တဲ့ နိုင်ငံတနိုင်ငံပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရရှိကြပါဘူး။ လူမှုရေး၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ အမျိုးသမီးတွေက အစစအရာရာ ဆုံးရှုံးနစ်နာခဲ့ကြရပါတယ်။
အခုတော့ ဆော်ဒီအာရေဗျ အစိုးရက ရှေးရိုးစွဲ အစဉ်အလာတွေကနေ ခွဲထွက်ဖို့ လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်၊ သောကြာနေ့မှာ ဆော်ဒီအာရေဗျ အစိုးရက အသက် ၂၁ နှစ် ပြည့်ပြီးသူ အမျိုးသမီးတိုင်း နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်တယ်လို့ ကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်က အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိတဲ့အကြောင်း ဖော်ပြလိုက်တာပါ။ ဒီကြေညာချက်ဟာ ဒီလကုန်ပိုင်းမှာ စပြီး အသက်ဝင်မှာ ဖြစ်တဲ့အတွက် ဆော်ဒီ အမျိုးသမီးတွေဟာ ဒီလကုန်ကစပြီး နိုင်ငံကူးလက်မှတ်ကို လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
အရင်တုန်းကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသား အုပ်ထိန်းသူ မပါဘဲ အမျိုးသမီးတွေချည်း ခရီးထွက်ခွင့် မပြုခဲ့ပါဘူး။ အခုတော့ အမျိုးသမီးတွေဟာ အမျိုးသား အုပ်ထိန်းသူ မပါဘဲ လွတ်လွတ်လပ်လပ် ခရီးသွားနိုင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကတော့ မွေးစာရင်း၊ လက်ထပ် စာချုပ် (သို့မဟုတ်) ကွာရှင်းစာချုပ်ပါ။
ဆော်ဒီအာရေဗျနိုင်ငံဟာ အမျိုးသမီးတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေ တဖြည်းဖြည်းချင်း လျှော့ချလာနေပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံဟာ အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဆော်ဒီဘုရင် Mohammed bin Salman က အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုခဲ့ပါတယ်။
အစဉ်အလာအရဆိုရင်တော့ ဆော်ဒီအာရေဗျနိုင်ငံမှာ ခင်ပွန်း၊ အဖေနဲ့ အခြားဆွေမျိုး တော်စပ်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို သြဇာအာဏာ ပေးပိုင်ခွင့် ရှိတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ရှည်ကြာစွာ အမျိုးသမီးတွေဟာ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ အခုဆိုရင်တော့ ဆော်ဒီ အမျိုးသမီးတွေဟာ ဒီအကျပ်အတည်းက လွတ်မြောက်တော့မှာပဲ ဖြစ်ပါတယ်။
အမျိုးသား အုပ်ထိန်းသူ မပါဘဲ နိုင်ငံခြားခရီးစဉ်တွေကို လွတ်လပ်စွာ သွားရောက်နိုင်ကြောင်း ကြေညာချက်ထုတ်ပြီး နောက်တနေ့မှာပဲ ဆော်ဒီအစိုးရက အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ခွင့် ပြုလိုက်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံရဲ့ အလုပ်သမားနဲ့ လူမှုဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနက အမျိုးသမီးတွေကိုလည်း အမျိုးသားများနဲ့တန်းတူ အလုပ်အကိုင် အခွင့်အရေး ရှိစေချင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ရတာဖြစ်တဲ့အကြောင်း Saudi Gazetta သတင်းစာမှာ ဖော်ပြထားပါတယ်။
Ref. khaleejtime, saudigazette
You may also like these stories:
သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံများ
အရွယ်မတိုင်ခင် လက်ထပ်ခြင်း ဓလေ့ကြောင့် အမျိုးသမီးငယ်များ အခွင့်အရေး ဆုံးရှုံးနေရ
မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေဟာ ပိုမိုချစ်တတ်ကြောင်း လေ့လာတွေ့ရှိ