Trend

အိမ်ခြေရာမဲ့ ဘဝကနေ နာမည်ကြီး ဧည့်လမ်းညွှန်တဦး ဖြစ်လာခဲ့တဲ့ ရုရှားအဘိုးအို

Saint Petersburg မြို့ဟာဆိုရင်တော့ ရုရှားနိုင်ငံမှာ Moscow ပြီးရင် ဒုတိယအကြီးဆုံး မြို့တမြို့ဖြစ်ပြီး မြို့ရဲ့ ခမ်းနားထည်ဝါမှုတွေနဲ့ ယဉ်ကျေးမှု အဆောက်အဦ လက်ရာတွေကြောင့် ကမ္ဘာလှည့် ခရီးသည် အများအပြား သွားရောက် လေ့လာ လည်ပတ်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ဒီမြို့မှာ ဧည့်လမ်းညွှန်တွေကလည်း အများအပြားဖြစ်ပြီး ဒီလိုများပြားလှတဲ့ ဧည့်လမ်းညွှွန်တွေထဲမှာမှ အသက် ၇၀ နားကပ်နေတဲ့ ဧည့်လမ်းညွှန် အဘိုးအို တဦးကတော့ နာမည်ကျော်ကြား လူသိများနေတာပါ။

အဘိုးအိုရဲ့နာမည်ကတော့ Rasner လို့အမည်ရပြီး Saint Petersburg မြို့က ဧည့်လမ်းညွန်တွေထဲမှာ သူဟာ အသက်အကြီးဆုံး ဖြစ်တဲ့အပြင် အိမ်ရာမဲ့ တဦးလည်း ဖြစ်ပါတယ်။ ဖြူဆွတ်နေတဲ့ ဆံပင်ဖြူ ပွယောင်းယောင်းတွေနဲ့ ခပ်နွမ်းနွမ်း ဝတ်စုံကြောင့် တခြားသော ငယ်ငယ်ရွယ်ရွယ် ဧည့်လမ်းညွှန်တွေလို သပ်သပ်ရပ်ရပ် သိပ်မရှိလှပေမယ့် သူ့ရဲ့ဧည့်လမ်းညွှန် စွမ်းရည်ကတော့ တခြားသူတွေထက် သာလွန်နေပါတယ်။

သူ့ရဲ့အသိပညာဗဟုသုတ ကြွယ်ဝမှုနဲ့ စကားပြောစွမ်းရည် ကောင်းမွန်မှုတွေဟာ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အဓိက အချက်တချက်ဖြစ်ပြီး ဧည့်သည်တွေ သွားချင်တဲ့ နေရာတွေကို လမ်းညွှန်ပြသရင်း ဒီနေရာတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမှတ်တရ ဖြစ်ရပ်တွေ၊ စိတ်ဝင်စားစရာ သူ့ဘဝ ဇာတ်ကြောင်းတွေကို ထည့်သွင်းပြောပြတာကလည်း ဧည့်သည်တွေ သူ့ကို စိတ်ဝင်စားကြတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ကျော်ကြားတဲ့ ဧည့်လမ်းညွှန် မဖြစ်ခင်တုန်းက Rasner ဟာ ပထဝီနဲ့ ဇီဝဗေဒ ဘာသာရပ် သင်ကြားတဲ့ ဆရာတဦးဖြစ်ပြီး ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်း ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့တာပါ။

သူ့အသက် ၅၇ နှစ် အရွယ်မှာတော့ အိမ်ရာ စီမံကိန်းတခုကြောင့် သူနေထိုင်တဲ့ အိမ်ကို ဆုံးရှုံးခဲ့ရပြီး St. Petersburg မြို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ ကပ်နေရင်း အိမ်ခြေရာမဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ ဒီလို အိမ်ခြေရာမဲ့ ဘဝကို ရောက်ခဲ့ရပေမယ့် မြို့ပေါ်က ကြင်နာတတ်တဲ့ လူတချို့ကြောင့် ဘဝကိုဆက်လက် ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့ အလျှော့မပေးတတ်တဲ့ စိတ်ဓာတ်ကြောင့် အခုလို ကမ္ဘာလှည့်ခရီးသည်တွေကြား ထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အဘိုးအို Rasner ရဲ့ အကြောင်းဟာ လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေပြီး သူနဲ့ တွေ့ချင်တာကြောင့် သီးသန့် လာရောက် တွေ့ဆုံတဲ့ ခရီးသွား ဧည့်သည်တွေနဲ့ ကမ္ဘာ့နေရာအနှံ့က Travel Blogger တွေလည်း အများအပြားပဲ ဖြစ်ပါတယ်။

Ref. nypost.com

Loading