Trend

အဝတ်လျှော်စက်ထဲမှာ ခိုအောင်းနေတတ်တဲ့ ရောဂါပိုးမွှား အန္တရာယ်

ဒီနေ့ခေတ်မှာ မရှိမဖြစ် အသုံးဝင်တဲ့ အိမ်သုံးပစ္စည်းတွေထဲမှာ အဝတ်လျှော်စက်လည်း တခု အပါအဝင်ပါ။ လူ ပင်ပန်းသက်သာပြီး အချိန် ခဏလေးအတွင်းမှာ အဝတ်ဟောင်းတွေ အများကြီး လျှော်ဖွတ်နိုင်လို့ အိမ်ရှင်မတွေအတွက် တကယ့်ကို အားထားစရာပါ။ ဒါပေမဲ့ လူတိုင်း သတိမထားမိတဲ့ အချက်ကတော့ နေ့တိုင်းလိုလို အသုံးပြု နေရတဲ့ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်း နေနိုင်တာပါ။

အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးတဲ့ အဝတ်လျှော်စက်ထဲမှာ ဘယ်လိုပုံစံနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာခဲ့တာပါလဲ။

အဏုဇီဝပညာရှင်တွေ ပြောပြချက်အရ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားတွေ ခိုးအောင်း နေထိုင်ကာ သန့်စင်ပြီး အဝတ်တွေကို ပြန်ကပ်ပါသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ညစ်ပေနေတဲ့ အဝတ်ဟောင်းတွေက ပါလာတာဖြစ်ပြီး ဒီလိုနဲ့ အဝတ်လျှော်စက်ထဲမှာ ရောဂါပိုးမွှားတွေ သံသရာ လည်နေကြတာပါ။

လေ့လာ တွေ့ရှိချက်တွေအရ အဝတ်လျှော်စက်ထဲမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေထဲက ၄၄ ရာခိုင်နှုန်း ကျော်ဟာ ကျောက်ကပ် ထိခိုက်ပျက်စီးစေတဲ့ ပိုးတွေနဲ့ ပြည့်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သင့်အဝတ် လျှော်စက်ထဲမှာ အစာအဆိပ်သင့်တာ၊ အရေပြားရောဂါ ဖြစ်စေနိုင်တဲ့ ရောဂါပိုးအပြင်၊ အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်း ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကိုပါ တွေ့ရှိရပါတယ်။

ဒါ့ကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ကိုယ်အိမ်သားတွေ ရောဂါ မကူးစက်ရအောင် အဝတ်လျှော်စက်ကို ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ အခု ဖော်ပြပေးမယ့် အချက်တွေကို ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် အဝတ်လျှော်စက်ကတဆင့် ရောဂါကူးစက်နိုင်ချေ လျော့ကျသွားနိုင်ပါတယ်။

ပထမအချက်ကတော့ အဝတ်လျှော်စက်ကို လိုတာထက်ပိုပြီး Overload မဖြစ်အောင် ဂရုစိုက်ပါ။ တပတ်တကြိမ် အဝတ်လျှော်တယ်ဆိုရင် တလ တခါ အဝတ်လျှော်စက်ကို သန့်ရှင်းပေးပါ။ နောက်ဆုံးတချက်ကတော့ အဝတ်လျှော်စက်ထဲ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါရောပြီး အဝတ်မထည့်ဘဲ ရေနဲ့ ဒီအတိုင်း လျှော်ပေးရင် စက်အတွင်းထဲထိ သန့်စင်ပေးနိုင်ပါတယ်။

အဝတ်လျှော်စက်ကို နေ့တိုင်းနီးပါး အသုံးပြုတယ်ဆိုရင်တော့ တပတ်တခါ ပိတ်ရက်တွေမှာ စက်ကို သေချာ သန့်စင်ပေးဖို့လိုပါတယ်။ ဒါမှလည်း ရောဂါပိုးမွှားတွေ မခိုးအောင်နိုင်ဘဲ စိတ်ချက်လက်ချ အသုံးပြုနိုင်မှာပါ။

Ref: Emma Deangela (Nutritionist)

You may also like these stories:

အဝတ်လျှော်စက်ထဲ ထည့်မလျှော်သင့်တဲ့ အဝတ် အမျိုးအစား ၅ မျိုး

မိုးရာသီမှာ အဝတ်တွေ အမြန်ခြောက်စေမယ့် နည်းလမ်းကောင်းများ

အဝတ်လျှော်စက်ထဲ ထည့်ပြီး လျှော်လို့ရတဲ့ ထူးထူးခြားခြား ပစ္စည်းများ

အဝတ်လျှော်စက်နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားများ

Loading