ပလတ်စတစ်တွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ပြန်လည် အသုံးပြုလို့ မရပါဘူး။ သင်မသိလိုက်ဘဲ သုံးမိနေတဲ့ ရေသန့်ဘူးတွေနဲ့ ကျွတ်ကျွတ်အိတ်တွေဟာ ကမ္ဘာကြီးကို ဒုက္ခမျိုးစုံ ရောက်စေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျလည်း သက်သာပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မယ့် ဈေးဝယ်ထွက်ခြင်း နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဝါး သွားတိုက်တံ
သုံးနေကျဖြစ်တဲ့ ပလတ်စတစ် သွားတိုက်တံတွေမှာ ရာဘာ၊ ဆီကြမ်း နဲ့ ရေနံတို့ ပါဝင်တဲ့အပြင် ပလတ်စတစ်ဘူးနဲ့ ထုတ်ထားပါသေးတယ်။ ၃ လ တခါ လဲတဲ့ သွားတိုက်တံ တချောင်းဟာ နှစ်ပေါင်း ထောင်နဲ့ချီမှ ပျက်စီးမှာ ဖြစ်ပါတယ်။ အဲဒီအစား ပုံစံပိုလှပြီး လွှင့်ပစ်ရင်လည်း မြန်မြန် ဆွေးမြေ့သွားမယ့် ဝါးသွားတိုက်တံကို အသုံးပြုသင့်ပါတယ်။
(၂) သံပိုက်ချောင်း
ဖျော်ရည် သောက်ဖို့ ယူလာတဲ့ ပိုက်တွေဟာ အမှိုက်ဖြစ်သွားပြီး ပလတ်စတစ် အသုံးပြုကို မြင့်တက်စေပါတယ်။ အဲဒီအစား သံနဲ့ ပြုလုပ်ထားတဲ့ ပိုက်ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ အသုံးပြုပြီးရင် ဆေးကြောပြီး သိမ်းထားလို့ ရတဲ့ အပြင် အမှိုက်ပွတာကိုလည်း သက်သာစေမှာပါ။
(၃) အဟောင်းဆိုင်
အဟောင်းဆိုင်တွေမှာ အဝတ်အစားနဲ့ အိမ်သုံးကုန်ပစ္စည်းတွေ ဝယ်တာဟာ ဈေးသက်သာတဲ့အပြင် ချည်မျှင်တွေကို သက်သာစေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ပါတယ်။ အဝတ်အသစ်တွေကို မကြာခဏ ဝယ်တာမျိုးထက် အဝတ်အဟောင်းတွေကို ဝယ်ဝတ်ပြီး ငွေချွေတာလိုက်ပါ။
(၄) ဒေသထွက်တွေကို စားပါ
ဒေသထွက် အစားအစာတွေကို ဝယ်ယူစားသောက်ခြင်းဟာ ငွေကုန်ကြေးကျ သက်သာတဲ့အပြင် ကျန်းမာရေးနဲ့လည်း ကိုက်ညီပါတယ်။ အခြား ဒေသက ထွက်တဲ့ အစားအစာတွေကို ဝယ်ယူတာဟာ
ထုတ်ပိုး ပြင်ဆင်မှုတွေ များပြီး သယ်ယူစရိတ်တွေရှိတာကြောင့် ဈေးပိုကြီးနိုင်ပါတယ်။
(၅) အမျိုးသမီး လစဉ်သုံးပစ္စည်း
ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်အတွက် မကောင်းတဲ့အပြင် ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အမျိုးသမီးများရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။
အမျိုးသမီး တဦးဟာ ဓမ္မတာ တခါ လာရင် Pads ၁၁ ခုကနေ ၃၀ ခု လောက်ထိ အသုံးပြုတာကြောင့် အမျိုးသမီးတယောက် အပျိုဖော်ဝင်ချိန်ကစပြီး သွေးဆုံးချိန်ထိ သုံးစွဲတဲ့ Pads ပမာဏဟာ ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ ရှိနိုင်ပါတယ်။ အဲဒီအစား Menstrual Cup လို့ ခေါ်တဲ့ ဓမ္မတာလာချိန် အသုံးပြုတဲ့ ခွက် ဒါမှမဟုတ် ချည်စတွေကို ပြောင်းလဲ အသုံးပြုခြင်းက ငွေကုန်ကြေးကျ ပိုပြီး သက်သာစေမှာပါ။
Ref. brightside.me