ဆယ်စုနှစ် တစုလုံး ယောက်ျားလေး မမွေးတဲ့ရွာ
ပိုလန်နိုင်ငံမှာ ရှိတဲ့ ရွာတရွာမှာ သား ယောက်ျားလေး မမွေးဖွားတာ ဆယ်စုနှစ် တခု ရှိခဲ့ပြီလို့ သိရပါတယ်။ ပိုလန်နိုင်ငံ အနောက်တောင်ဘက်မှာ ရှိတဲ့ ရှေးဟောင်း ရွာတရွာကို လာရောက် လည်ပတ်တဲ့ လူတိုင်းက ယောက်ျားလေးတွေ ဘယ်မှာလဲလို့ အမြဲမေးလေ့ ရှိပါတယ်။
Miejsce Odrzańskie လို့ အမည်ရတဲ့ အဲဒီ ရွာမှာ ၂၀၀၉ ခုနှစ်က စပြီး သမီး မိန်းကလေးတွေသာ မွေးနေခဲ့တာကြောင့် ဒေသခံ အစိုးရအနေနဲ့ သားယောကျာ်းလေး မွေးနိုင်တဲ့ စုံတွဲကို ဆုချမယ်လို့ ကြေညာခဲ့ပါတယ်။
“ကျနော်တို့ ရွာကိုတော့ မိန်းကလေးတွေ အုပ်စိုးမှာ သေချာတယ်”လို့ အဲဒီရွာက မီးသတ်သမားတဦးက ပြောပါတယ်။
“ယောကျာ်းလေးတွေ မရှိတော့လည်း နားအေးပါးအေး ဖြစ်တာပေါ့။ ယောက်ျားလေး တွေက ဆူညံပြီး ညစ်ပတ်တယ်။ အခုလိုကျတော့လည်း ရွာက အေးချမ်းနေတာပဲ။ ယောက်ျားလေးကိုမှ တွေ့ချင်ရင်တော့ တခြားရွာတွေမှာလည်း တွေ့နိုင်တာပဲ”လို့ အသက် ၁၀ နှစ်အရွယ် လေ့ကျင့်ရေး မီးသတ်တပ်သား ဖြစ်တဲ့ Malwina Kicler နဲ့ သူ့ရဲ့ သူငယ်ချင်းက The New York Times သတင်းစာကို ပြောပါတယ်။
ရွာရဲ့ မီးသတ်တပ်ဖွဲ့မှာ လူငယ်မိန်းကလေး ၂၄ ဦးနဲ့ ယောကျာ်းလေး ၈ ဦး ပါရှိပြီး အငယ်ဆုံးအဖွဲ့ဝင်က အသက် ၄ နှစ်အရွယ် မိန်းကလေး ဖြစ်ပါတယ်။ လူ ၃၀၀ ခန့် နေထိုင်တဲ့ အဲဒီ ရွာဟာ ၁၆၇၉ ခုနှစ်ကတည်းက တည်ရှိနေတဲ့ ရွာဖြစ်ပြီး ရွာ စတည်ကတည်းက အမျိုးသားဦးရေ နည်းပါးတဲ့ အတွက် အခြားမြို့ရွာတွေက အမျိုးသားတွေ လာရောက် နေထိုင်လေ့ ရှိတယ်လို့ သိရပါတယ်။
မွေးစားရင်းတွေအရ ရွာမှာ နောက်ဆုံး သားယောကျာ်းလေးကို ၂၀၀၉ ခုနှစ်မှာ မွေးခဲ့ပြီး သား ယောက်ျားလေး ထပ်မံမွေးဖွားမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေသခံ အစိုးရက သား ယောက်ျားလေး မွေးနိုင်တဲ့ မိသားစုကို ကြီးမားတဲ့ ဆုပေးမယ်လို့ ကတိခံထားပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ယောက်ျားလေး မွေးအောင် တမင်ပြုလုပ်လို့ မရတာကြောင့် အခက်တွေ့နေတယ်လို့ ရွာသူ ရွာသားတွေက ပြောပါတယ်။
တချို့မိသားစုတွေကလည်း သား ယောက်ျားလေး လိုချင်ပေမယ့် မတော်တဆ သမီးမိန်းကလေး ထပ်ပြီး ရမယ်ဆိုရင် သမီးတွေ အများကြီး ဖြစ်နေမှာ စိုးတာကြောင့် ကိုယ်ဝန်ဆောင်ဖို့ ဝန်လေးနေကြပါတယ်။
ရွာမှာ ရှိတဲ့ မိန်းကလေးတွေကလည်း မကြာသေးခင်ကမှ မီးသတ်ပြိုင်ပွဲတခုကို အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲတော်တော်များများမှာ ယောက်ျားလေးတွေကို နိုင်တာကြောင့် ရှိတဲ့ မိန်းကလေးတွေကိုပဲ အားကိုးအားထားလုပ်နေရတယ်လို့ ရွာခံမီးသတ်သမားဖြစ်တဲ့ Tomasz Golasz က The New York Times သတင်းစာကို ဖြေကြားခဲ့ပါတယ်။
ရွာက လူကြီးသူမတွေကတာ့ သားယောကျာ်းလေး မွေးဖို့ မျှော်လင့်ချက်ထားနေဆဲလို့ သိရပါတယ်။
Ref. Today.com