စာရေးသူတို့ နေထိုင်ရာ ကမ္ဘာကြီးဟာ လူမျိုးပေါင်းများစွာ နေထိုင်တဲ့ ကမ္ဘာကြီးပါ။ ဒါကြောင့်လည်း မတူကွဲပြားတဲ့ လူမျိုးအသီးသီးမှာ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ စရိုက်တွေ ရှိကြပါတယ်။
အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများက ချစ်သူများနေ့ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပလေ့ ရှိကြပါတယ်။ ဒါပေမဲ့ တရုတ် လူမျိုးတွေကတော့ ချစ်သူများနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပလေ့ မရှိကြပါဘူး။ သူတို့တွေရဲ့ ချစ်သူများနေ့ကိုတော့ တရုတ်ရိုးရာ ပြက္ခဒိန်အတိုင်းသာ ကျင်းပလေ့ ရှိပါတယ်။
တရုတ်ရိုးရာ ပြက္ခဒိန်အရဆိုရင် တရုတ် ချစ်သူများနေ့ဟာ နှစ်တနှစ်ရဲ့ ၇ လမြောက်၊ ၇ ရက်နေ့မှာ ကျရောက်လေ့ ရှိပါတယ်။ အခုဆိုရင်တော့ တရုတ်ရိုးရာ ချစ်သူများနေ့ဟာ ဂျပန်နိုင်ငံနဲ့ ကိုရီးယား နိုင်ငံတွေအထိပါ ပျံ့နှံ့သွားခဲ့ပါတယ်။
တရုတ်လို Qixi ပွဲတော်လို့ ခေါ်လေ့ရှိတဲ့ ချစ်သူများနေ့ကို ဂျပန်နိုင်ငံမှာ Tanabata ပွဲတော်လို့ ခေါ်လေ့ရှိပြီး ကိုရီးယားနိုင်ငံမှာတော့ Chilseok ပွဲတော်လို့ ခေါ်လေ့ ရှိပါတယ်။ နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်လေ့ ရှိကြပေမယ့် အဓိကကတော့ နှစ်တနှစ်ရဲ့ ၇ ဂဏန်း နှစ်ကြိမ်ထပ်တဲ့ ပွဲတော်ပါ။ ၇ ဂဏန်း နှစ်ကြိမ်ထပ်တဲ့နေ့မှာ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ ချစ်သူများနေ့ကို ကျင်းပလေ့ ရှိကြပါတယ်။
ဒီပွဲတော်ကိုတော့ တရုတ်လူမျိုးတွေက အေးဆေး တည်ငြိမ်စွာပဲ ဖြတ်သန်းလေ့ ရှိကြပါတယ်။ တရုတ် လူမျိုးတွေအနေနဲ့ တရုတ်ချစ်သူများနေ့ကို ကျင်းပလာခဲ့တာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပါပြီ။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာလည်း တရုတ်ချစ်သူများနေ့ကို စည်စည်ကားကား ကျင်းပကြပြီး အမျိုးသမီးတွေက တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ကြပါတယ်။
တရုတ်ချစ်သူများနေ့ ပေါ်ပေါက်လာရတဲ့ အကြောင်းကို တရုတ်လူမျိုးတွေက ဒဏ္ဍာရီ တပုဒ်လို အခုချိန်ထိ ပြောဆိုနေကြတုန်းပါပဲ။ တရုတ်ချစ်သူများနေ့ ပေါ်ပေါက်လာရတဲ့ အကြောင်းကတော့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ Niulang နဲ့ Zhinu တို့ကြောင့်ပါ။
သူတို့နှစ်ဦးဟာ ကွယ်လွန်တဲ့အခါမှာ ကြယ်တွေဖြစ်သွားကြတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ Niulang ကို Altair ကြယ်လို့ နာမည်ပေးထားပြီး အမျိုးသမီးဖြစ်တဲ့ Zhinu ကိုတော့ Vega ကြယ်ဆိုပြီး နာမည်ပေးထားပါတယ်။
အဲဒီကြယ် နှစ်စင်းဟာ တရုတ်ရိုးရာပြက္ခဒိန်အရ ၇ လမြောက်၊ ၇ ရက်နေ့မှာ အတူပူးတွဲ တည်ရှိနေတဲ့အတွက် တရုတ်လူမျိုးတွေက ချစ်သူများနေ့ကို ကျင်းပရခြင်းပဲဖြစ်ပါတယ်။ တရုတ်ချစ်သူများနေ့မှာ တရုတ်လူမျိုးတွေက အဲဒီကြယ် နှစ်စင်း ပူးတွဲတည်ရှိနေတာကို အဓိက အနေနဲ့ ကြည့်ရှုလေ့ ရှိကြပါတယ်။
Ref. xinhuanet, gbtimes