စွမ်းအားရှင်တိုင်းက ဝတ်ရုံတွေ မဝတ်ကြဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဝတ်ရုံဝတ်ပြီး ကောင်းတာတွေ လုပ်နေရတာလည်း ပျော်စရာ တခုပါပဲ။ အပြင်ဘဝက Batman လို့ နာမည်ကျော်ပြီး တိရစ္ဆာန်လေးတွေအတွက် စောင့်ရှောက်ရေး ဂေဟာတွေ ပြုလုပ်ပေးနေသူကတော့ အသက် ၂၇ နှစ်အရွယ် Chris Van Dorn ပဲ ဖြစ်ပါတယ်။
Batman ရုပ်ရှင်တွေကို ကြည့်ပြီး ကြီးပြင်းလာတဲ့သူဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အော်လန်ဒိုမြို့မှာ “Batman4Paws” လို့ ခေါ်တဲ့ စောင့်ရှောက်ရေး ဂေဟာတခုကို တည်ထောင်ခဲ့ပါတယ်။
“ကျနော်က Batman ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ကြိုက်တယ်။ ကောင်းတာတွေကိုပဲ ပြုလုပ်ဖို့အတွက် ဆုံးဖြတ်ချက် ခိုင်မာတာကို သဘောကျတယ်။ လေးစားအားကျတယ်။ ဒါကြောင့် ကျနော့်ရဲ့ Batman4Paws က အရှိအတိုင်း အမှန်အတိုင်း ကောင်းမွန်တာတွေကိုပဲ လုပ်ပြီး ရပ်တည်တယ်”လို့ Chris Van Dorn က Today သတင်းဌာနကို ပြောပါတယ်။
သူဟာ လူတွေ စွန့်ပစ်ထားတဲ့ ခွေးတွေနဲ့ ကြောင်တွေကို စောင့်ရှောက်ပေးပြီး လမ်းဘေး တိရစ္ဆာန်လေးတွေကိုလည်း ကယ်ဆယ်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့ တိရစ္ဆာန်လေးတွေကိုလည်း အချိန်ကုန်ခံပြီး လိုက်ရှာပေးတတ်တဲ့အပြင် သူထိန်းသိမ်းထားတဲ့ အကောင်လေးတွေကိုလည်း မွေးစားမယ့်သူရှိရင် လိုက်လံ ပို့ဆောင်ပေးလေ့ ရှိပါတယ်။
ရုပ်ရှင်ထဲက Batman နဲ့ မတူတာကတော့ သူဟာ သန်းကြွယ်သူဌေး မဟုတ်တာပါပဲ။ ရှိတဲ့ ပိုက်ဆံလေးနဲ့ တိရစ္ဆာန်တွေကို စောင့်ရှောက်ပေးနေသူ ဖြစ်ပြီး သူစီးတဲ့ ကားကလည်း Batman လို မဟုတ်တဲ့ ဟွန်ဒါကားသာ ဖြစ်ပါတယ်။
အသံဖမ်းအင်ဂျင်နီယာ တယောက်ဖြစ်တဲ့ သူဟာ အလုပ်အားလပ်တဲ့ အချိန်တွေမှာ တိရစ္ဆာန်ကယ်ဆယ်ရေးတွေကိုသာ အချိန်ပေးလုပ်ဆောင်လေ့ ရှိတယ်လို့ သိရပါတယ်။
Ref. Today.com