အသုံးပြုပြီးတာနဲ့ ပုံမှန် ပြန်သန့်စင်ဖို့ လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
မီးဖိုချောင်သုံး ပစ္စည်းတွေကို နောက်ဆုံး ဘယ်အချိန်က သန့်ရှင်းရေးလုပ်ခဲ့တာလဲ။ အိမ်ထောင်ရှင်မတွေအတွက်တော့ မီးဖိုချောင်သုံး ပစ္စည်းတွေဆိုတာ နေ့တိုင်း အသုံးပြုနေကြပေမယ့် ဒါတွေကို ပြန်သန့်စင်ပေးဖို့ မေ့လျော့ နေတတ်ကြပါတယ်။ အသုံးပြုထားတာတွေကို ပြန် မသန့်စင်ပေးရင် ပစ္စည်းတွေကတဆင့် မှို၊ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ တွယ်လာပြီး လူကို အန္တရာယ် ဖြစ်စေပါတယ်။
နေ့တိုင်း အသုံးပြုကြတဲ့ ထမင်းပေါင်းအိုးကိုလည်း သေချာ ပြန်ဆေးရပါမယ်။ အခုနောက်ပိုင်း ပုံစံတွေမှာဆိုရင် အဖုံးအတွင်းထဲထိ ဖြုတ်ပြီး ဆေးကြောနိုင်လို့ အတွင်းထဲထိ ဝင်နေတဲ့ ထမင်းအနှစ်တွေကို နေ့တိုင်း ပြန်တိုက်ချွတ် ဆေးကြောပေးပါ။
ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို လှီးချွတ်ဖို့အတွက် စဉ်းတီတုံးတွေကို အသုံးပြုပြီးရင် နေ့တိုင်း ဆပ်ပြာ ရည်နဲ့ ရေများများ ဖွင့်ချပြီး ဆေးကြောရပါတယ်။ တကယ်လို့ စဉ်းတီတုံးက ပလပ်စတစ် မဟုတ်ဘဲ သစ်သားဆိုရင် ရှာလကာရည်ကို ရေနဲ့ရောပြီး ပြန်သန့်စင်ပါ။ အလွယ်တကူ ဆေးကြောလို့ မရတဲ့အခါမျိုးမှာ ဆားနဲ့အနှံ့ တိုက်ထားပြီး နောက်နေ့မှာ ဆေးပါ။
အစားအစာတွေ ပြန်နွှေးဖို့ အသုံးပြုတဲ့ Microwave စက်တွေကို တပတ်တခါ ပြန်သန့်စင်မပေးရင် Overheat တွေဖြစ်ပြီး ပြန်နွှေးစားတဲ့ အစားအသောက်တွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ပန်းကန်လုံးထဲ ရေထည့်ပြီး အပြင်းဆုံးအပူချိန်နဲ့ ၅ မိနစ်လောက်ချိန်ပြီး စက်ထဲထည့်ပါ။ ပြီးရင် ရေခွက်ကိုပြန်ထုတ်ပြီး အဝတ်ခြောက်နဲ့ ခြောက်သွားအောင် ပြန်သုတ်လိုက်ရုံပါပဲ။
အိမ်သာခွက်တွေကို သန့်စင်ဖို့သုံးတဲ့ Brush တွေကိုလည်း သုံးပြီးတိုင်း ပြန်ဆေးကြောပေးဖို့ လိုပါတယ်။ အသုံးပြုထားတဲ့ Brush တွေကို ပိုးမွှားသန့်စင်ရေထဲ ၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် ရေပူနဲ့ သေချာဆေးကြောပြီး နေပူထဲမှာ ခြောက်သွေ့သွားတဲ့ထိ အခြောက်ခံပါ။
မနက်တိုင်း ဖျော်သောက်နေတဲ့ ကော်ဖီဖျော်စက်ကို တလတခါ ပြန်သန့်စင်ပေးဖို့ လိုပါတယ်။ ဒီလို ပြန်မလုပ်ပေးဘူးဆိုရင် ပိုးမွှားတွေ ပေါက်ဖွားလွယ်လို့ သောက်တဲ့သူတွေကို အန္တရာယ် ဖြစ်စေပါတယ်။ ကော်ဖီစစ်တဲ့ Filter ကို ရေ ၁ ဆ၊ ရှာလကာရည် ၁ ဆ ရောထားတဲ့ အရည်နဲ့ သန့်စင်ပါ။
ပန်းကန်စင်ကလည်း တလကို တကြိမ်လောက်တော့ တိုက်ချွတ်ဆေးကြော ပေးသင့်ပါတယ်။ ရေ ၁ ဆ၊ ရှာလကာရည် ၁ ဆ ရောထားတဲ့ အရည်နဲ့ အသုံးမပြုတော့တဲ့ သွားတိုက်တံအဟောင်း သုံးပြီး စင်အနှံ့ ဆေးကြောပေး လိုက်ရုံပါပဲ။
အဲကွန်းထဲက လေစစ်ဇကာကိုလည်း တလတခါ သန့်စင်ဆေးကြောဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အမှုန်အမွှားနဲ့ ဘက်တီးရီးယားတွေ ကပ်ညှိနေပြီး ဖွင့်လိုက်တိုင်း အခန်းထဲကို ပြန်ရောက်သွားလို့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲကွန်း အပေါ်အဖုံးကို ဖွင့်ပြီး အထဲက ဇကာကို ဆွဲဖြုတ်လိုက်ပါ။ ခပ်နွေးနွေး ဆပ်ပြာရည်နဲ့ သွားတိုက်တံကိုသုံးပြီး သန့်စင်လိုက်ရုံပါပဲ။
Ref. CNA Lifestyle
You may also like these stories: