ဂျပန်နိုင်ငံဟာ အရှေ့အာရှမှာရှိတဲ့ ကျွန်းနိုင်ငံလေးပါ။ သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ် ခံစားခဲ့ရပေမယ့် အပျက်အစီးတွေ ကြားထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ တခါတခါမှာတော့ ဂျပန်လူမျိုးတွေက သူတို့နိုင်ငံကို “နေမဝင် အင်ပါယာ” ဆိုပြီး တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။
“နေမဝင် အင်ပါယာ”လို့ တင်စား ခေါ်ဆိုလေ့ရှိတဲ့ ဂျပန်နိုင်ငံဟာ ထူးထူးဆန်းဆန်း ကိစ္စတွေလည်း ပြုမူလေ့ ရှိကြပါတယ်။ အခုဆိုရင်လည်း တိုကျိုမြို့မှာရှိတဲ့ Hanegi ကလေးကစားကွင်းဟာ ကလေးတွေကို လွတ်လွတ်လပ်လပ် ကစားခိုင်းတာက ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကစားကွင်းတခုကို ဖွင့်လှစ်ထားခဲ့ပါတယ်။
လွတ်လပ်စွာ ကစားတာက ပြဿနာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီကစားကွင်းကတော့ ချွန်ထက်တဲ့ ပစ္စည်းတွေနဲ့ ကလေးတွေကို ကစားခွင့် ပြုထားတာက ပြဿနာပါ။ တချို့ကလည်း ဒီကလေး ကစားကွင်းကို ကလေးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို မေ့ထားတဲ့ နယ်မြေလို့ ခေါ်လေ့ရှိကြပါတယ်။
ဒီကစားကွင်းရဲ့ ဒဿနကတော့ ကလေးတွေကို ကန့်သတ်ထားတာထက် လွတ်လွတ်လပ်လပ် ကစားခွင့်ပြုတာက နေ့စဉ်ဘဝမှာ ပိုမိုစွမ်းဆောင်ရည် မြင့်မားတယ်ဆိုတဲ့ ဒဿနပါ။ ဒါကြောင့်လည်း ဒီကစားကွင်းမှာ ဓား၊ လွှ၊ သံနဲ့ တူလို အရာမျိုးတွေ အသုံးပြုပြီး ကစားစေသလို ချက်ပြုတ်စားသောက်ဖို့ အတွက်လည်း ကလေးတွေ ကိုယ်တိုင် မီးမွှေးစေပါတယ်။ နောက်ပြီး သစ်ပင် တက်တာတွေ၊ အိမ်ခေါင်မိုးပေါ် တက်တာတွေကိုလည်း ပြုလုပ်စေပါတယ်။
မိဘတွေကလည်း ကလေးတွေ အတွေ့အကြုံရစေဖို့ ဒီကစားကွင်းကို ခေါ်သွားလေ့ ရှိပါတယ်။ ကစားကွင်းကို ရောက်တဲ့အခါ မိဘတွေကိုယ်တိုင်က ကလေးတွေကို သင်ကြားပေးလေ့ ရှိပါတယ်။
“တခါတခါမှာတော့ ကလေးတွေမှာ သာမန် ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အတွေ့အကြုံတွေကနေသာ ကလေးတွေက အကောင်းဆုံး သင်ယူနိုင်မှာ ဖြစ်ပါတယ်”လို့ မိခင် တယောက်က Sora News ကို ပြောပါတယ်။
ကစားကွင်း တာဝန်ရှိသူတွေကလည်း သူတို့ကစားကွင်းရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ပြီး ကလေးတွေနဲ့အတူ လာရောက်စေချင်တယ်လို့ ပြောပါတယ်။
ကစားကွင်းရဲ့ နေရာ အနှံ့အပြားမှာ မီးပုံတွေ ဖိုပေးထားတာကိုလည်း တွေ့နိုင်ပါသေးတယ်။ မီးပုံတွေ ဖိုပေးထားတဲ့ ရည်ရွယ်ချက်ကတော့ ချက်ပြုတ် စားသောက်ဖို့နဲ့ ကစားဖို့အတွက်ပဲ ဖြစ်ပါတယ်။ အမြင့်တက်တဲ့အခါမျိုးတွေမှာလည်း ကလေးတွေဟာ ဘယ်သူရဲ့ အကူအညီကိုမှ မယူရဘဲ တက်ရလေ့ ရှိပါတယ်။
စွန့်စားလိုစိတ်ကို အားပေးသူ မိဘတွေနဲ့ စွန့်စားလိုစိတ်ရှိသူ ကလေးတွေကတော့ ဒီကစားကွင်းကို ပုံမှန်လို လာရောက် ကစားလေ့ ရှိကြပါတယ်။
Ref. Dailymail, soranews24.com