ရှားပါး ခြင်္သေ့ အဖြူ ၂ ကောင်ကို ပြင်သစ်နိုင်ငံမှာ မွေးဖွား
ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာ တခုမှာ ရှားပါးတဲ့ ခြင်္သေ့အဖြူလေး ၂ကောင်ကို ဇူလိုင်လ ၂၈ ရက်နေ့က မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ခြင်္သေ့ အဖြူလေး ၂ ကောင်ကို The Lion King ရုပ်ရှင်ထဲက ခြင်္သေ့တွေရဲ့ နာမည်ဖြစ်တဲ့ နာလာ (Nala) နဲ့ ဆင်ဘာ (Simba) လို့ နာမည်ပေးထားပြီး သူတို့ကို ပြင်သစ်နိုင်ငံ၊ ရိုအန်းမြို့ အနီးအနားမှာ ရှိတဲ့ “Caresse de Tigre”လို့ အမည်ရတဲ့ အဖွဲ့အစည်း တခုမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
“Caresse de Tigre” အဖွဲ့အစည်းဟာ ဆပ်ကပ်သမား အဟောင်း နှစ်ဦး ဦးစီးတည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းဟာ ရှားပါးမျိုးစိတ်တွေနဲ့ အခြားတောရိုင်း တိရစ္ဆာန်တွေကို ကျယ်ပြန့်တဲ့ သစ်တောဧရိယာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းက ထိန်းသိမ်းစောင့်ရှောက် ပေးထားတဲ့ ခြင်္သေ့တွေကနေ အခုလို ခြင်္သေ့ အဖြူ ၂ ကောင် မွေးဖွားလာတာဖြစ်ပြီး စောင့်ရှောက်သူတွေကလည်း ရှားပါးခြင်္သေ့လေးတွေကို အထူး ဂရုစိုက်ပြီး စောင့်ရှောက်နေတယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံမှာ ရှားပါးတဲ့ ခြင်္သေ့ အဖြူတွေဟာ နှစ်စဉ် ၁ ကောင် ၂ ကောင်ခန့် မွေးဖွားတတ်ပြီး တိရစ္ဆာန်ရုံတွေမှာ ထိန်းသိမ်း စောင့်ရှောက်ထားတတ်ကြပါတယ်။
Ref. BBC, AFP
You may also like these stories:
အလွန်အကျွံ တွန်ကျူးတာကြောင့် တရားစွဲခံရတဲ့ ပြင်သစ်နိုင်ငံက ကြက်ဖလေး Maurice
Batman ဝတ်စုံဝတ်ပြီး တိရစ္ဆာန်တွေကို ကယ်တင်နေတဲ့ အမျိုးသား