အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေး ရရှိခဲ့ ပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ကတော့ အိန္ဒိယနိုင်ငံရဲ့ (၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့ပါပဲ။
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူတို့ရဲ့လွတ်လပ်ရေးနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြ ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကလည်း အစိုးရ ရုံးပိတ်ရက်ပါပဲ။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ နာရန်ဒရာမိုဒီက ဒီကနေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့လွတ်လပ် ရေးနေ့မှာ အိန္ဒိယနိုင်ငံသားတွေကို အခုလိုပဲ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“လွတ်လပ်ရေးဆိုတာ လွယ်လွယ်နဲ့ ရတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံဟာ အင်္ဂလိပ်တွေဆီကနေ လွတ်လပ်ရေးကို ခက်ခက်ခဲခဲနဲ့ ရယူခဲ့ရတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်ကြီး တွေဟာ ပြည်သူလူထုနဲ့အတူလက်တွဲပြီး လွတ်လပ်ရေးကို တိုက်ယူခဲ့ရပါတယ်။ လွတ်လပ်ရေးအတွက် အခက်အခဲ အမျိုးမျိုးကို ရုန်းကန်ခဲ့ရ ပြီး နောက်ဆုံးမှာတော့ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၁၇၅၇ ခုနှစ်မှာ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့ တစတစထိုးဖောက်ဝင် ရောက်လာမှုကြောင့် ဗြိတိသျှကိုလိုနီတွေရဲ့ လက်အောက်ကို ၁၈၅၈ ခုနှစ်မှာ လုံးဝကျရောက်ခဲ့ ပါတယ်။ ပထမကမ္ဘာစစ်ပြီးတဲ့နောက်မှာတော့ မဟတ္တမဂန္ဒီရဲ့ ဦးဆောင်မှုနဲ့အတူ အိန္ဒိယနိုင်ငံ တဝှမ်းလုံးမှာ လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်ရေးလှုပ်ရှားမှုဟာ အိန္ဒိယနိုင်ငံမှာ အောင်မြင် မှုရရှိခဲ့ပါတယ်။
၁၉၄၆ ခုနှစ်မှာတော့ ဗြိတိသျှအလုပ်သမားအစိုးရဟာ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေးဖို့ စတင် စဉ်းစားခဲ့ပါတယ်။ စဉ်းစားရတဲ့အကြောင်းရင်းကတော့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂရိတ်ဗြိတိန် ဟာ အဆုံးအရှုံးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက်ကြောင့်ပါပဲ။
ဒါကြောင့်လည်း ၁၉၄၇ ခုနှစ် အစောပိုင်းမှာ အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးပေး တော့မယ်လို့ ကြေညာခဲ့ပါတယ်။ လွတ်လပ်ရေး ပေးမယ့်ရက်ကိုတော့ ၁၉၄၈ ခုနှစ် ဇွန်လလို့ သတ်မှတ်ထားခဲ့ပေမယ့် ဟိန္ဒူနဲ့ မွတ်ဆလင်တွေကြား ခွဲရေး၊ တွဲရေးမှာအခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြီးအကျယ်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါကြောင့်လည်း ၁၉၄၇ ခုနှစ် ဇွန်လမှာ ပန်ဒစ်ဂျဝါဟာလာနေရူး ၊ Mohammad Ali Jinnah ၊ Abul Kalam Azad ၊ B.R Ambedkar စတဲ့ ခေါင်းဆောင်တွေက ခွဲထွက်ရေးကို လက်ခံခဲ့ကြပါတယ်။ ဟိန္ဒူနဲ့ မွတ်ဆလင်တွေကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ နှစ်သိန်းခွဲ နဲ့ ငါးသိန်းကြား အသက်ဆုံးရှုံးခဲ့ရပါတယ်။
၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် ညသန်းခေါင်အချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်တဲ့ ပန်ဒစ်ဂျဝါဟာလာနေရူးက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံးနဲ့ အသေးစိတ်အကျဆုံးလည်း ဖြစ်ပါတယ်။
Ref:jagranjosh,my.wikipedia