Darcy Irakoze (သို့မဟုတ်) Kacaman လို့ လူသိများတဲ့ အာဖရိကက ဟာသဗီဒီယို ပြုလုပ်တဲ့ ကလေးငယ်ဟာ အသက် ၆ နှစ်အရွယ်မှာပဲ ပြင်းထန်တဲ့ ငှက်ဖျားရောဂါကို ခံစားရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Kacaman ဟာ ငှက်ဖျားရောဂါကို ပြီးခဲ့တဲ့ ရက်သတ္တပတ်၊ ဗုဒ္ဓဟူးနေ့မှာ ခံစားခဲ့ရပြီး နောက်တနေ့မှာပဲ သေဆုံးခဲ့တာပါ။ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေမှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဘူရွန်ဒီနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ငှက်ဖျားရောဂါနဲ့ သေဆုံးသူ ၁၈၀၀ ကျော်ရှိပြီး ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။
ငှက်ဖျားရောဂါဟာ အာဖရိကတိုက်မှာ ဖြစ်ပွားမှု အများဆုံး ရောဂါတွေထဲက တခုဖြစ်ပြီး နေ့စဉ်ကလေးပေါင်း ၂၅၀၀ ကျော်ခန့် သေဆုံးနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Kacaman ဟာ ဘူရွန်ဒီနိုင်ငံရဲ့ ကျော်ကြားအောင်မြင်တဲ့ လူရွှင်တော်ဖြစ်တဲ့ Kigingi နဲ့ သြဂုတ်လ ၂ရက်နေ့ကမှ ဖျော်ဖြေပွဲတခုပြုလုပ်ခဲ့ပြီး နောက်ထပ် ဖျော်ဖြေဖို့ စီစဉ်ထားတာတွေလည်း ရှိပါသေးတယ်။
လူရွှင်တော် Kigingi ကတော့ Kacaman သေဆုံးရခြင်းဟာ ပုဂ္ဂိုလ်ရေးအရ ဝမ်းနည်းစရာကောင်းတဲ့ အပြင် ဘူရွန်ဒီနိုင်ငံရဲ့ ဖျော်ဖြေရေးလောက အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ BBC သတင်းဌာနကို ပြောပါတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ မှတ်တမ်းတွေအရ ၂၀၁၇ ခုနှစ်မှာ ငှက်ဖျားရောဂါဖြစ်ပွားသူ သန်း ၂၂၀ ခန့်ရှိပြီး ကမ္ဘာအနှံ့မှာ သေဆုံးသူ ၄ သိန်းကျော်ရှိခဲ့တဲ့အပြင် သေဆုံးသူ အများစုဟာ အာဖရိကတိုက်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
Ref. BBC