ဖီဂျီသမ္မတနိုင်ငံဟာ ကျွန်းနိုင်ငံလေးသာ ဖြစ်ပါတယ်။ အခြေခံ မူလတန်းအဆင့် ပညာရေးကိုတော့ အသက် ၈ နှစ်ပြည့်တာနဲ့ မသင်မနေရ သင်ယူရတာဖြစ်ပြီး အခမဲ့ သင်ကြားပေးပါတယ်။ ဖီဂျီသမ္မတနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ယဉ်ကျေးမှုပေါင်းစုံ ဝါဒနဲ့ လူမျိုးပေါင်းစုံ ဝါဒကို ပေါင်းစပ်ထားတဲ့ ပညာရေး စနစ်ပါ။
ဒါကြောင့်လည်း ကမ္ဘာကြီးမှာ တည်ရှိနေတဲ့ ဘာသာတရားပေါင်းစုံကို ဖီဂျီနိုင်ငံမှာ သင်ယူ ရပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ လုပ်ငန်း လုပ်ကိုင်ပုံ စနစ်ကိုလည်း သင်ယူရပါတယ်။
အခုတော့ ဖီဂျီသမ္မတနိုင်ငံရဲ့ ကျောင်းသားတွေဟာ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင် ပတ်သက်လာကြပါတယ်။ ၂၀၁၈ ခုနှစ်ကဆိုရင် မူးယစ်ဆေး အမှုပေါင်း ၁,၆၄၃ မှုကို ကျောင်းသားတွေ ကျူးလွန်ခဲ့ကြပါတယ်။
၂၁ ရာစု မူးယစ်ဆေး ပြဿနာဟာ တကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသား လူငယ်တွေကို ခြိမ်းခြောက်လာတဲ့ ပြဿနာပါ။ ဖီဂျီသမ္မတနိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသား လူငယ်တွေဟာ မူးယစ်ဆေးကို ကိုယ်တိုင်သုံးစွဲသလို ပြန်လည်ရောင်းချတဲ့ လုပ်ငန်းတွေမှာလည်း ပါဝင် ပတ်သက်လာကြပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ အရှေ့တောင်အာရှနိုင်ငံတွေက မူးယစ်ဂိုဏ်းတွေဟာ တနှစ်ကို ဒေါ်လာ ၆၀ ဘီလီယံပမာဏနဲ့ ညီမျှနဲ့ စိတ်ကြွဆေးပြားတွေကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဆိုရင်လည်း အရှေ့တောင်အာရှနဲ့ အရှေ့အာရှ ဒေသတွေကနေ ဖမ်းဆီး ရရှိမိတဲ့ စိတ်ကြွဆေး တန်ချိန်ပေါင်း တန် ၁၂၀ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ယှဉ်ရင် တန်ချိန်ပေါင်း ၄၀ တိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ မူးယစ်ဆေးဂိုဏ်းတွေက မူးယစ်ဆေးတွေကို အများအပြား ထုတ်လုပ်ကြတဲ့အတွက် ကျောင်းသားလူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုနှုန်းကလည်း မြင့်တက်လာပါတယ်။
ဖီဂျီသမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ မူးယစ်ဆေးကိစ္စတွေမှာ ပါဝင် ပတ်သက်နေကြတဲ့ ကျောင်းသားတွေကို ကျောင်းက ထုတ်ပစ်တာမျိုးလုပ်မှာ မဟုတ်ဘူးလို့ ဖီဂျီနိုင်ငံ ပညာရေး အမြဲတမ်း အတွင်းဝန်ဖြစ်တဲ့ Alison Burchell က ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေကို ကျောင်းက ထုတ်ပစ်တာမျိုး ပြုလုပ်မယ့်အစား ဆရာတွေကို ကျောင်းသားတွေ ဆေးသုံး၊ မသုံး သိနိုင်တဲ့ အချက်တွေကို သင်ကြားသွားဖို့လည်း ရှိပါတယ်။ ဆရာတွေအတွက် မူးယစ်ဆေးလက်စွဲ စာအုပ်ငယ် တွေထုတ်ပေးထားပါတယ်။ ဒီနည်းလမ်းနဲ့ ကျွန်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဖီဂျီသမ္မတနိုင်ငံဟာ မြင့်တက်လာနေတဲ့ မူးယစ်ဆေးပြဿနာကို ထိန်းချုပ်သွားဖို့ ရှိနေပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ စိုးရိမ်မိတဲ့အချက်ကတော့ ကျောင်းသားတွေဟာ စိတ်ကြွဆေးလို မူးယစ်ဆေးဝါး တွေချက်လုပ်ရာမှာ အသုံးပြုရတဲ့ ပစ္စည်းတွေကို ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရနေတာကိုပါပဲ။ ဒီအချက်ကိုတော့ သူ့အနေနဲ့ စိုးရိမ်စိတ် ဖြစ်မိတဲ့အကြောင်း Alison Burchell က ပြောပါတယ်။
မူးယစ်ဆေးကိစ္စတွေမှာ ပါဝင် ပတ်သက်နေကြတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်ကြမယ့်လူ များများ လိုအပ်တဲ့အကြောင်း ၊ လက်ရှိအချိန်မှာတော့ ကျောင်းသားတွေအကြား ပျံ့နှံ့နေတဲ့ မူးယစ်ဆေးနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဖြေရှင်းပေးနိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ ဆရာ ၃၆ ဦးကို မွေးထုတ်ထားနိုင်တဲ့ အကြောင်း သူက ဆက်ပြောပါတယ်။
Burchell အနေနဲ့ကတော့ ဝန်ကြီးဌာနအားလုံးနဲ့ သက်ဆိုင်သူတွေ ပူးပေါင်းဆောင်ရွက်ကြရင် ကျောင်းသားတွေ မူးယစ်ဆေးစွဲနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Ref. Xinhuanet, FBCnews, Channelnewsasia
You may also like these stories:
စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ ရှေ့တန်းရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံများ
ဆေးခြောက်စိုက်ခင်းတွေ ဖျက်ဆီးခဲ့တဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့
နာကျင် ကိုက်ခဲမှုတွေကို ကုသဖို့ ထုတ်လုပ်လိုက်တဲ့ ဆေးခြောက်ပီကေ