ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့စွန်က စားသောက်ဆိုင်တခုမှာ စားစရာမှာယူချိန် ကြာမြင့်စွာ စောင့်ဆိုင်းရတာကြောင့် ဒေါသထွက်ခဲ့တဲ့ စားသုံးသူဟာ စားပွဲထိုးကို ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
Le Mistral စားသောက်ဆိုင်မှာ ပစ်သတ်ခံခဲ့ရတဲ့ အဲဒီ စားပွဲထိုးဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ပုခုံးနေရာမှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ အဲဒီစားပွဲထိုးကို အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
သေနတ်သမားဟာ ဆင်းဒဝစ်ချ် စားသုံးဖို့ မှာယူခဲ့တာ ဖြစ်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းကြောင့် ဒေါသဖြစ်နေခဲ့တယ်လို့ အခြား စားပွဲထိုးတဦးက ပြောပါတယ်။
ဒီဖြစ်ရပ်အပေါ်ကို ဒေသခံတွေက တုန်လှုပ်မှုတွေရှိခဲ့ပြီး “ဒီဆိုင်က တိတ်ဆိတ်တဲ့ ဆိုင်တဆိုင်ပါ။ ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ ဆိုင်ဖွင့်ထားတာတောင် လပိုင်းပဲ ရှိသေးတယ်”လို့ အသက် ၂၉ နှစ်အရွယ် စားသုံးသူတဦးက ဒေသခံသတင်းဌာနတွေကို ပြောပါတယ်။
အခြားဒေသခံတွေကတော့ အဲဒီစားသောက်ဆိုင်ရှိတဲ့ လမ်းဟာ မူးယစ်ဆေး ရောင်းဝယ်မှုတွေ ရှိနေပြီး လက်နက် ကိုင်ဆောင်သွားလာမှုတွေ မြင့်တက်နေတယ်လို့ ပြောပါတယ်။
စားသုံးသူ တယောက်ကတော့ ” ဆင်းဒဝစ်ချ်လေး တခုအတွက်နဲ့ လူသတ်တယ် ဟုတ်လား”လို့ အံ့အားကြီးစွာ မေးမြန်းခဲ့တယ်လို့ The Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။ သေနတ်သမားကိုတော့ ရှာဖွေစုံစမ်းမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ စနေနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
Ref. www.nydailynews.com
You may also like these stories:
ပဲရစ်မြို့မှာ အပူချိန်အမြင့်ဆုံး စံချိန်ထိ ရောက်နေ
ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး
ပြင်သစ်နိုင်ငံက စိတ်ဝင်စားဖွယ် သမိုင်းဝင် အဆောက်အဦများ