Trend

ဆရာဝန်ညွှန်ကြားချက် မပါဘဲ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တဲ့ ထိုင်းအမျိုးသမီး ကွယ်လွန်

လူတော်တော်များများဟာ သာမန် ခေါင်းကိုက်၊ အအေးမိရုံလောက်နဲ့ ဆေးခန်းတွေ၊ ဆရာဝန်နဲ့ပြသတာတွေ ပြုလုပ်လေ့ မရှိပါဘူး။ မိမိသဘောနဲ့မိမိ အိမ်သုံးဆေးဝါးတွေကို အလွယ်တကူ ဆောင်ထားတတ်ကြပြီး သောက်သုံးလေ့ရှိကြပါတယ်။

ဆေးဝါးတွေတိုင်းဟာတော့ ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးဖို့ သင့်ပြီး မိမိသဘောနဲ့ မိမိသောက်သုံးတဲ့အခါ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အနည်းနဲ့အများဆိုသလို ခံစားကြရမှာပါ။

အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးဟာ ခေါင်းတခြမ်းကိုက် ဝေဒနာကို ခံစားရတာကြောင့် သူ့ဘာသာ အကိုက်အခဲ ပျောက်ဆေးတွေကို ဝယ်ယူသောက်သုံးရာကနေ အရေးပေါ်ဆေးရုံ တက်ခဲ့ရပြီး ၃ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွယ်လွန်သွားသူရဲ့ ညီမဖြစ်သူ Chudapa Pornngam က လူမှုကွန်ရက်ကနေတဆင့် တခြားသူတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ သူ တင်ခဲ့တဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်မှာတော့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့အစ်မဖြစ်သူဟာ ခေါင်းတခြမ်းကိုက်ရောဂါနဲ့ အမျိုးသမီးတွေ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှု ဖြစ်တဲ့အခါ အကိုက်အခဲပျောက်ဆေးတွေကို သူ့သဘောနဲ့သူ ဝယ်ယူပြီး သောက်သုံးခဲ့တာဟာ တနှစ်ကျော်ခန့် ကြာနေပြီလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာတော့ သူ့ရဲ့အစ်မဖြစ်သူဟာ သောက်နေကျအတိုင်း အကိုက်အခဲပျောက်ဆေးတွေ သောက်ခဲ့ပြီး သောက်ပြီးတဲ့အချိန်မှာ ပျို့အန်မူးဝေတဲ့ ဝေဒနာခံစားခဲ့ရာကနေ ဆေးရုံကို အရေးပေါ်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်တွေအရ သူ သောက်သုံးလိုက်တဲ့ ဆေးတွေကြောင့် သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းနေခဲ့တာဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့မှာ အာရုံကြောဆရာဝန်နဲ့ ပြသဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ သြဂုတ်လ ၃ ရက်နေ့မှာတော့ သူမဟာ ခေါင်းတခြမ်း ကိုက်တဲ့ ဝေဒနာကြောင့်ပဲ အကိုက်အခဲပျောက်ဆေးတွေကို ထပ်မံသောက်သုံးခဲ့ရာ သြဂုတ်လ ၄ ရက်နေ့မှ ဆေးရုံကို ထပ်မံရောက်ရှိခဲ့ပြီး ၃ ရက်အကြာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်တွေရဲ့စစ်ဆေးချက်တွေအရတော့ သူဟာ ကိုယ်ခံအားနည်းနေချိန်မှာ အကိုက်အခဲ ပျောက်ဆေးတွေကို ထပ်မံသောက်သုံးလိုက်တာကြောင့် နှလုံးထိခိုက်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Ref. www.worldofbuzz.com

You may also like these stories:

အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ ပြုလုပ်လေ့ရှိတတ်ကြတဲ့ အမှားများ

စပ်ဆေးများက အသက်အန္တရာယ်ထိခိုက်နိုင်ဟု FDA ပြော

သင့်ရဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အလေ့အကျင့် ၅ မျိုး

ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် အိပ်စက်နည်းပုံစံများ

Loading