အပန်းဖြေ ခရီးထွက်လာတဲ့ စုံတွဲ တတွဲဟာ အီတလီနိုင်ငံ၊ ဆာဒီနီယား (Sardinia) ကျွန်းကနေ အမှတ်တရ ပစ္စည်းအဖြစ် သဲဖြူများ စုဆောင်းခဲ့မှုကြောင့် ထောင် ၆နှစ်ခန့် ကျနိုင်ချေ ရှိနေပါတယ်။ ဆာဒီနီးယားကမ်းခြေဟာ သဲဖြူကြောင့် ကျော်ကြားပြီး အဲဒီသဲဖြူကို ပြည်သူပိုင်သတ်မှတ်ကာ သဲဖြူယူဆောင်မှုကို တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ တားဆီးထားပါတယ်။
ပြင်သစ်စုံတွဲဟာ သဲဖြူကို ပုလင်းပေါင်း ၁၄ ပုလင်းနဲ့ ထည့်ကာ စုဆောင်းခဲ့တာ ဖြစ်ပြီး အလေးချိန်အားဖြင့် ကီလို ၄၀ ခန့်ရှိပါတယ်။ အဲဒီစုံတွဲကတော့ အခုလို စုဆောင်းခဲ့ပေမယ့် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။
သဲဖြူတွေ ယူဆောင်လာတဲ့ သူတို့ နှစ်ဦးဟာ ဆာဒီနီယားကျွန်းကနေ ပြင်သစ်ကို ထွက်ခွာမယ့် သင်္ဘောနဲ့ ပြန်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆာဒီနီးယား ဒေသခံတွေကတော့ ခရီးသွားဧည့်သည်တွေ အနေနဲ့ သဲဖြူအပါအဝင် အခြား သဘာဝအမွေအနှစ်တွေကို ခိုးယူသွားမှုတွေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ ပြုလုပ်နေတာ နှစ်အတော်ကြာပြီလို့ သိရပါတယ်။
“ခရီးသွားတွေ တယောက်ကို သဲဖြူ ၄၀ ကီလိုတလောက် တူးသွားကြတယ်။ တနှစ်ကို ခရီးသွားက သန်းနဲ့ ချီပြီး လာတာဆိုတော့ တနှစ်တနှစ်ဆိုရင် သဲဖြူဆုံးရှုံးမှု ပမာဏက အရမ်းများသွားပြီ။ ဒါက ကျွန်းအတွက် စိတ်ပူစရာ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ကမ်းခြေနရာတွေ လျော့လာတဲ့ အပြင် ခရီးသွားတွေကလည်း သဲဖြူတွေ ခိုးနေကြပါတယ်”လို့ ဆာဒီနီးယားကျွန်းရဲ့ သဘာဝပတ်ဝန်ကျင်လေ့လာသူ ဖြစ်တဲ့ Pierluigi Cocco က BBC သတင်းဌာနကို ပြောပါတယ်။
၂၀၁၈ ခုနှစ်ကလည်း အင်္ဂလန်မှာ နေထိုင်တဲ့ အီတလီအမျိုးသားတဦးဟာ သဲဖြူခိုးမှုနဲ့ ယူရိုပေါင် ၁၀၀၀ ဒဏ်ရိုက် ခံခဲ့ရပါသေးတယ်။ ဥရောပ တလွှားမှာရှိတဲ့ ခရီးသွားတွေက ဆာဒီနီးယားကျွန်းမှာ ရှိတဲ့ သဲဖြူတွေကို ခိုးယူစုဆောင်းပြီး အင်တာနက် ဝက်ဘ်ဆိုက်တွေမှာ လေလံတင် ရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Ref. independent.com