၂၁ ရာစုလူသားတွေဟာ ရာသီဥတု ပြောင်းလဲမှုကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ ပင်လယ်ရေ မျက်နှာပြင်တွေကလည်း ပိုပိုပြီး မြင့်တက်လာနေပါတယ်။ အခုဆိုရင်တော့ အရှေ့တောင်အာရှမှာသာမက ကမ္ဘာမှာပါ စီးပွားရေးအရ အောင်မြင်နေတဲ့ စင်ကာပူနိုင်ငံကလည်း ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာတဲ့ အန္တရာယ်နဲ့ ကြုံနေရပါတယ်။
ရာသီဥတုပြောင်းလဲမှုက လူတွေကို သောကပေးလေ့ ရှိပါတယ်။ နိုင်ငံတိုးတက်ရေးကိုလည်း အနှောင့်အယှက် ပေးပါတယ်။ တကယ်တော့ အခုလို ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးလာရတဲ့ အကြောင်းရင်းကတော့ လူသားတွေ မတန်တဆ ထုတ်လုပ်နေကြတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ကြောင့်ပါပဲ။
အရာဝတ္ထုတွေ မီးလောင်ကျွမ်းတဲ့အခါ ဒါမှမဟုတ် လူနဲ့ တိရစ္ဆာန်တွေ အသက်ရှူထုတ်လိုက်တဲ့ အခါတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထုတ်လွှတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံးတွေ့နိုင်တဲ့နေရာကတော့ လေထုထဲမှာပါ။
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေဟာ အပူစွမ်းအင်ကို ဖြစ်စေနိုင်တဲ့ အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖန်လုံအိမ်ဓာတ်ငွေ့လို့ သတ်မှတ်ထားပါတယ်။ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်သည်းဆများလာတဲ့အတွက် ကမ္ဘာကြီးက ပိုပြီး ပူနွေးလာတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။
လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်သည်းဆ များလွန်းရင် အန္တရာယ် ရှိပါတယ်။ ၁ ရာခိုင်နှုန်းအထက်မှာရှိရင် လူတချို့ကို မူးဝေစေပါတယ်။ သိပ်သည်းဆ ၇ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားမှာ ရှိရင်တော့ ခေါင်းကိုက်နိုင်သလို အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မိနစ်အနည်းငယ် ဒါမှမဟုတ် ၁ နာရီအတွင်းမှာပဲ မေ့သွားနိုင်ပါတယ်။
ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ စက်မှုအကြိုကာလနဲ့ နှိုင်းယှဉ်ရင် ၁ ဒီဂရီ စင်တီဂရိတ် တိုးလာတယ်လို့ စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က ထောက်ပြထားပါတယ်။ ၁ ဒီဂရီ စင်တီဂရိတ်လောက် တိုးလာတာနဲ့တင် ကမ္ဘာကြီးပူနွေးမှုကို မျက်မြင်ကိုယ်တွေ့ လူတွေ ခံစားနေရပါတယ်။
နောက်ပိုင်းကာလတွေမှာလည်း အပူချိန်က ဆက်တိုးနေဦးမှာဖြစ်သလို အခုထက် မြန်မြန်ဆန်ဆန် တိုးလာလိမ့်ဦးမယ်လို့ ဝန်ကြီးချုပ် Lee က ပြောပါသေးတယ်။
ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို စင်ကာပူနိုင်ငံလည်း ခံစားနေရပါတယ်။ နွေရာသီမှာ ပိုပူလာပြီး မိုးရာသီမှာဆိုရင်လည်း လူတွေဒုက္ခရောက်အောင် မိုးရွာလေ့ ရှိပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် Greenland နဲ့ အန္တာတိကဒေသမှာ ရေခဲတွေ အရည်ပျော်ကုန်ပါတယ်။ ဒါကြောင့်လည်း ပင်လယ်ရေမျက်နှာပြင်က အရင်က ထက်စာရင် ပိုပိုမြင့်တက်လာနေပါတယ်။
စင်ကာပူနိုင်ငံအနေနဲ့ မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင် အန္တရာယ်ကို ကာကွယ်ဖို့အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံ(စင်ကာပူဒေါ်လာ ၁၀၀ ဘီလီယံ) လောက် ကုန်ကျနိုင်တယ်လို့ စင်ကာပူ ဝန်ကြီးချုပ် Lee က ပြောပါတယ်။
Ref. Theaseanpost, Channelnewsasia