သြဂုတ်လ ၂၂ရက်နေ့က နယူးဇီလန် လွှတ်တော် ဆွေးနွေးပွဲအတွင်းမှာ ဥပဒေပြု လွှတ်တော်အမတ်ရဲ့ ကလေးငယ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နို့ဘူးတိုက်ပေးပြီး ထိန်းပေးနေတဲ့ ဗီဒီယိုဟာ တွစ်တာ လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။
လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ Trevor Mallard က သူ့ရဲ့ တွစ်တာမှာ “ပုံမှန်အတိုင်းဆိုရင်တော့ ဥက္ကဋ္ဌ ထိုင်ခုံက ဥက္ကဋ္ဌတွေအတွက်ပဲ ဆိုပေမယ့် ဒီနေ့တော့ အရေးကြီးပုဂ္ဂိုလ်တဦးကို ကျနော် နေရာပေးခဲ့ရတယ်ဗျ။ လွှတ်တော်အမတ် Tom ရဲ့ မိသားစုဝင်အသစ်လေးကို နွေးထွေးစွာကြိုဆိုပါတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ကလေးငယ်ကို နို့ဘူးတိုက်နေတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။
A photo of the Speaker of New Zealand’s Parliament feeding a legislator’s baby while carrying out his duties has been shared all over the world. pic.twitter.com/G8MvuuAOkb
— SBS News (@SBSNews) August 22, 2019
ထွက်ရှိလာတဲ့ ဗီဒီယိုထဲမှာတော့ လွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော် ဆွေးနွေးပွဲ လုပ်နေစဉ် အချိန်အတွင်းမှာ လွှတ်တော် အမတ်ရဲ့ ကလေးငယ်ကို ထိန်းပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ကလေးထိန်းပေးတဲ့အတွက် အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ပေးခဲ့ကြပြီး လုပ်ငန်းခွင်မှာ အခုလို ဖြစ်လာတဲ့ အခြေအနေတွေကို ကောင်းမွန်စွာ ကိုင်တွယ်ပေးခဲ့လို့ တွစ်တာ အသုံးပြုသူတွေက ချီးမွမ်းပြောဆိုနေကြပါတယ်။
တွစ်တာအသုံးပြုသူ တယောက်က “နယူးဇီလန်နိုင်ငံဟာ နိုင်ငံသေးသေးလေး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ခင်ဗျားတို့က တကမ္ဘာလုံးကို သင်ခန်းစာ တခုပေးလိုက်တာပါပဲ”လို့ ချီးမွမ်းထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း နယူးဇီလန်နိုင်ငံရဲ့ ဝန်ကြီးချူပ် Jacinda Ardern ဟာ ကမ္ဘာမှာ ပထမဆုံးအဖြစ် ကလေးကို အစည်းအဝေးထဲ ခေါ်လာတဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ ကလေးကို ထားခဲ့လို့ ရတဲ့ အချိန်ရောက်တော့မှ အလုပ်ကို ကလေးမခေါ်ဘဲ လာခဲ့ပြီး သူ့ရဲ့ အမျိုးသားဖြစ်သူက အိမ်မှာနေရင်း ကလေးထိန်းပေးခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်နေချိန် ကလေးကို ခေါ်လာတာဟာ မသင့်တော်တဲ့ အပြုအမူ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားဆဲ ဖြစ်ပြီး နိုင်ငံအချို့မှာတော့ လုံးဝ ပိတ်ပင်ထားပါတယ်။ အာဖရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ကင်ညာမှာ လွှတ်တော်အမတ်တဦးက ကလေးကို အစည်းအဝေးထဲ ခေါ်လာမိလို့ မောင်းထုတ်ခံရတဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
အင်္ဂလန်နိုင်ငံ အပါအဝင် နိုင်ငံအချို့မှာတော့ ကလေးငယ်တွေကို အလုပ်ရဲ့ အစည်းအဝေးခန်းထဲ ခေါ်လာတာတွေကို ခွင့်ပြုစ ပြုနေပြီ ဖြစ်ပါတယ်။
Ref. CNN