“ဒေါင်လိုက် သစ်တော”လို့ အမည်ရတဲ့ အဆောက်အဦ အသစ်တခုကို အီဂျစ်နိုင်ငံမှာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ စတင် တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဆောက်အဦ ဒီဇိုင်းကို အီတလီနိုင်ငံက ဒီဇိုင်နာ Stefano Boeri က ရေးဆွဲပေးမှာ ဖြစ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ဒီအဆောက်အဦမှာ သစ်ပင်ပေါင်း ၃၅၀ ကျော်နဲ့ အမြဲစိမ်း သစ်ပင်ပေါင်း ၁၅,၀၀၀ ကျော်ခန့် စိုက်ပျိုးမှာ ဖြစ်ပြီး ဒေါင်လိုက်ပုံစံ သစ်တောငယ်တခု ပါဝင်မှာဖြစ်တဲ့ အဲဒီ အဆောက်အဦကို ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်မှာ ဖြစ်ပါတယ်။
၇ ထပ်တိုက်အဖြစ် ဆောက်လုပ်မယ့် အဲဒီအဆောက်အဦမှာ သစ်ပင်တွေကို စိုက်ပျိုးဖို့ ၃ ထပ်ခန့် နေရာယူထားပြီး သစ်တော အငယ်စားလို ဖြစ်နေမှာပါ။ ၂၀၂၀ ခုနှစ်မှာ စတင်ဆောက်လုပ်မယ့် အဲဒီအဆောက်အဦဟာ အာဖရိကတိုက်အတွင်း ပထမဆုံး လူလုပ်သစ်တော ပါဝင်တဲ့ အဆောက်အဦ ဖြစ်လာမှာ ဖြစ်ပါတယ်။
အခုလို သစ်တော ပါဝင်တဲ့ အဆောက်အဦဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၇ တန်ခန့်ကို စုပ်ယူမှာဖြစ်ပြီး တနှစ်အတွင်း အောက်စီဂျင် ၈ တန်ခန့် ပြန်လည် ထုတ်လုပ်နိုင်မှာပါ။ အဆောက်အဦ ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရာသီဥတု ဖောက်ပြန်မှုကို တားဆီးဖို့ဖြစ်ပြီး အဆောက်အဦအသစ်တွေ ဆောက်လုပ်မယ့် နိုင်ငံတိုင်းက အတုယူသင့်တဲ့ ဆောက်လုပ်ရေးပုံစံ ဖြစ်ပါတယ်။
အဆောက်အဦ ဆောက်လုပ်ဖို့ မိတ်ဆက်တဲ့ပွဲမှ ဒီဇိုင်နာ Stefano Boeri က “ဒီလို လူလုပ်သစ်တော ထည့်သွင်း တည်ဆောက်တဲ့အတွက် ကိုင်ရိုဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ ပထမဆုံး ဖြစ်လာမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို တနိုင်တပိုင် တားဆီးတဲ့ သဘောမျိုးကြောင့် ဆောက်လုပ်တာ ဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
Ref. www.insider.com
You may also like these stories:
လေထုညစ်ညမ်းမှုကို လျှော့ချဖို့ သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဥယျာဉ်ငယ် လန်ဒန်မြို့မှာ ထားရှိ
ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ
အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာယို ဒီကာပရီယို
တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ထိုင်းစစ်တပ်မှ သစ်စေ့ပေါင်း ၉ သိန်းခန့် ကောင်းကင်ပေါ်မှ ကြဲချ