အင်္ဂလန်နိုင်ငံ၊ Gwent ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ မူးယစ် တရားခံတယောက်ရဲ့ ပုံကို ပြည်သူတွေ လှောင်ပြောင်လွန်းတာကြောင့် ပြန်ပြီး ဖျက်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၁ အရွယ် တရားခံ ဖြစ်တဲ့ Jermaine Taylor ရဲ့ ဆံပင်ပုံကို လှောင်ပြောင် မှတ်ချက်ပေးသူ ၉ သောင်းကျော်ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က တင်ထားတဲ့ ဓာတ်ပုံကို ဖျက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ကိုကင်း ဖြန့်ချိရောင်းချသူ ဖြစ်တဲ့ တရားခံရဲ့ ပုံကို ပြစ်မှုမှတ်တမ်းအနေနဲ့ ထုတ်ပြန်ရာမှာ ပြည်သူတွေက သူ့ရဲ့ ဆံပင်ပုံစံကို လှောင်ပြောင်ခဲ့တာ ဖြစ်ပြီး ရဲဌာနက လှောင်ပြောင် မှတ်ချက်ပေးသူတွေကို အမှုဖွင့်မယ်လို့ ပြောခဲ့ပေမယ့် ဘယ်သူကမှ လိုက်နာခြင်း မရှိတာကြောင့် ဓာတ်ပုံကို ပြန်ဖျက်ခဲ့ရတာ ဖြစ်ပါတယ်။
လူမှုကွန်ရက် အသုံးပြုသူ တယောက်က “လူက အိမ်မှာ၊ ဆံပင်က ဈေးထဲမှာ ကျန်ခဲ့တယ်”ဆိုတဲ့ မှတ်ချက်ကို ပေးခဲ့ပြီး နောက်တယောက်ကတော့ “သူ့ကို မြို့ထဲမှာ ရှာတွေ့မှာ မဟုတ်ဘူး။ ရဲတွေက အဲဒီနေရာမှာ ဘီးစိပ်တိုက် (ပိုက်စိပ်တိုက်ကို လှောင်ပြောင်ခြင်း) ရှာပြီးလောက်ပြီ”ဆိုတဲ့ ဟာသ မှတ်ချက်တွေ ပေးခဲ့ပြီး သူ့ဓာတ်ပုံကို ပြန်လည် မျှဝေသူ သိန်းနဲ့ ချီရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “လူမှုကွန်ရက် စာမျက်နှာမှာ တဖက်သားကို လှောင်ပြောင်နှိမ့်ချ ပြောဆိုတာတွေဟာ တရားဥပဒေနဲ့ မညီညွတ်ပါဘူး။ တကယ်လို့ ခင်ဗျားတို့ အနေနဲ့ အခုလို ဆက်လက်ပြီး လှောင်ပြောင်မှုတွေ ပြုလုပ်နေမယ်ဆိုရင် ရဲဌာန အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးယူရပါလိမ့်မယ်”လို့ ပြောခဲ့ပေမယ့် မှတ်ချက်တွေက အဆက်မပြတ် တက်လာဆဲ ဖြစ်လို့ ဓာတ်ပုံကို ဖျက်ခဲ့တာ ဖြစ်တယ်လို့ ရဲဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။
Ref. Cambridge-news