စိတ်ဓာတ် ကြံ့ခိုင်သူတဦးဖြစ်ဖို့ မလွယ်ကူသလို စိတ်ဓာတ် ကြံ့ခိုင်သူတွေမှာလည်း စိတ်ဓာတ်ကျ၊ အားငယ်မှုဆိုတာ ရှိတတ်စမြဲပါ။ မိမိရဲ့စိတ်ခံစားချက်နဲ့ လက်ရှိ အခြေအနေကို ဟန်ချက် မျှတအောင် ထိန်းသိမ်း ကိုင်တွယ်နိုင်သူတွေကို စိတ်ဓာတ်ကြံ့ခိုင်သူတွေလို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ အခုဖော်ပြပေးမှာကတော့ စိတ်ဓာတ် ကြံ့ခိုင်သူတွေမှာ တွေ့ရတတ်တဲ့ အတုယူစရာ အပြုအမူတွေပဲ ဖြစ်ပါတယ်။
(၁) အရာတိုင်းကို စောဒကတက်လေ့ မရှိဘူး
စိတ်ဓာတ်ကြံ့ခိုင်သူ အများစုဟာ ကိစ္စတစုံတခု ပေါ်ပေါက်တိုင်း ဘယ်လို ကိုင်တွယ်၊ ဖြေရှင်းရမယ်ဆိုတာကို အရင်စဉ်းစားတတ်ပြီး Complain တက်ခြင်းကို ပြုလုပ်လေ့ မရှိကြပါဘူး။ မဖြစ်နိုင်တာကို အတင်း ကြိတ်မှိတ်မျိုသိပ်ပြီး ရေငုံ နှုတ်ပိတ်နေတာမျိုးကလည်း မကောင်းသလို၊ အရာရာကို စောဒကတက်နေခြင်းကလည်း ကိစ္စတွေကို ပြီးမြောက်သွားစေနိုင်မှာ မဟုတ်တာကို ကောင်းကောင်း သဘောပေါက်ကြသူတွေ ဖြစ်ပါတယ်။
(၂) စိတ်ဒုက္ခ ဖြစ်စေတဲ့အရာတွေကို ဖယ်ထုတ်ပါ
စိတ်ဓာတ် ကြံ့ခိုင်သူတွေဆီမှာရှိတဲ့ နောက်ထပ် အပြုအမူတခုကတော့ မိမိကို စိတ်ဒုက္ခ ဖြစ်စေတယ်၊ အာရုံ နောက်တယ်လို့ ထင်ရတဲ့အရာတွေကို ဘဝထဲကနေ ဖယ်ထုတ်ပစ်တာမျိုးပါ။ ဥပမာ- အမြဲလိုလို စိတ်ရှုပ်ထွေးရတဲ့ သမီးရည်းစား ဆက်ဆံရေး၊ လုပ်ငန်းခွင်တွင်းက ဖိနှိပ်မှု စတာတွေကို ရှောင်ပြေး မနေဘဲ ရင်ဆိုင်ဖြေရှင်းတာမျိုးတွေကို ပြတ်ပြတ်သားသား ပြုလုပ်လေ့ ရှိကြပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
နောက်ထပ် အတုယူစရာ အချက်တခုကတော့ မိမိကိုယ်ကို တန်ဖိုးထားတာပါ။ မိမိပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ် ကျေနပ်ပြီး မိမိမှာ မရှိသေးတဲ့ မရနိုင်တာတွေအပေါ်မှာ ပူဆွေးဝမ်းနည်းပြီး အချိန်ကုန်ခံနေတတ်ကြတာမျိုး မဟုတ်ပါဘူး။ အမြဲလိုလို အကောင်းမြင်နေတာမျိုးတော့ မဟုတ်ပေမယ့် အမှန်ကို အမှန်အတိုင်းမြင်ပြီး လက်ခံနိုင်ကြသူတွေပဲ ဖြစ်ပါတယ်။
(၄) မဖြစ်နိုင်တာတွေကို ငြင်းပယ်ပါ
“အမြဲလိုလို ငါလုပ်နိုင်တယ်၊ လုပ်ပေးမယ်” ဆိုတာမျိုးက ကောင်းမွန်တဲ့ စိတ်ခံစားမှုကို မရရှိစေနိုင်ပါဘူး။ တခါတရံမှာ မိမိအတွက် မဖြစ်နိုင်တာတွေကို ပြုလုပ်ရင်း စိတ်ဒုက္ခခံနေမယ့်အစား စောစောစီးစီး ငြင်းပယ်လိုက်ခြင်းက စိတ်ဓာတ်ကြံ့ခိုင်သူတွေ ပြုလုပ်လေ့ရှိတဲ့ အပြုအမူတခုပဲ ဖြစ်ပါတယ်။
Ref. waterballon.com
You may also like these stories:
စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျ ဝေဒနာကို သက်သာစေတဲ့ စံပယ်ပန်းရနံ့
ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ
သိပ္ပံနည်းကျ စူးစမ်းပြီး တွေ့ရှိလာရတဲ့ ပျော်ရွှင်အောင် နေနည်းများ
လုပ်ငန်းခွင်မှာ အမြဲလန်းဆန်းတက်ကြွနေချင်ရင်